မူးယစ်ဆေး ဖမ်းဆီးတားမြစ်ရေးတွင် ချင်းအဖွဲ့အစည်းများ ပူးပေါင်းကူညီစေလိုကြောင်း မီဇိုရမ်ဝန်ကြီးချုပ် ပြော

မူးယစ်ဆေး ဖမ်းဆီးတားမြစ်ရေးတွင် ချင်းအဖွဲ့အစည်းများ ပူးပေါင်းကူညီစေလိုကြောင်း မီဇိုရမ်ဝန်ကြီးချုပ် ပြော
ဓာတ်ပုံ- မီဇိုရမ်ဝန်ကြီးချုပ်ကိုသွားရောက်တွေ့ဆုံကြသည့်ချင်းလူငယ်အဖွဲ့ (ပုံ- ဆလိုင်းယောမာန်)

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းသို့ မြန်မာနိုင်ငံဘက်ခြမ်းမှ ဝင်ရောက်လာသည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးတားမြစ်ရေးတွင် ချင်းအဖွဲ့ အစည်းများအနေဖြင့် ပူးပေါင်းကူညီစေလိုကြောင်း မီဇိုရမ်ဝန်ကြီးချုပ် ဇိုရမ်းထန်းငါက ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဝန်ကြီးချုပ်၏ ရုံးခန်းကို ချင်းတော်လှန်ရေး လူငယ်များ အလွတ်သဘော သွားရောက်တွေ့ဆုံစဉ် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်ကြောင်း တွေ့ဆုံရာတွင် ပါဝင်သည့် ချင်းအမျိုးသား ကောင်စီ(မင်းတပ်) တာဝန်ရှိသူ ဆလိုင်းယောမာန်က မဇ္ဈိမကို ပြောသည်။

ကြိုတင်စီစဉ်ထားခြင်းမျိုး မဟုတ်ဘဲ တွေ့ဆုံခွင့်ရရန် တရက်သာ ကြိုသိရသည့် အတွက် အများကြီး ပြင်ဆင်ချိန် မရခဲ့သော်လည်း မြန်မာပြည် တော်လှန်ရေး အကြောင်းကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ကောင်းကောင်းသိရှိအောင် တင်ပြနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဒီတွေ့ဆုံပွဲမှာ မီဇိုရမ်ဝန်ကြီးချုပ်အနေနဲ့ မြေပြင်က တိုက်ရိုက်လာတဲ့ ကျွန်တော်တို့လူတွေပြောပြတဲ့ တော်လှန်ရေးအကြောင်း ကောင်းကောင်း သိသွားတာပေါ့၊ နောက်ပြီး မီဇိုရမ်အစိုးရအဖွဲ့အနေနဲ့  စစ်ရှောင်အရေးနဲ့ ပတ်သက်လို့ ကူညီနေတယ်၊ ဒီတော့ မူးယစ်ဆေးဝါး ဖမ်းဆီး တားမြစ်ရေးတွေမှာ ချင်းအဖွဲ့အစည်းတွေအနေနဲ့ ထဲထဲဝင် ပါဝင်ကူညီစေ လိုကြောင်း ပြောတယ်’’ဟု ဆလိုင်းယောမာန်က ပြောသည်။

ချင်းတော်လှန်ရေးလူငယ်များမှ ချင်းပြည်နယ်အတွင်းမှ ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များကို လက်ခံကူညီပေးထားသည့် မီဇိုရမ်အစိုးရအဖွဲ့ကို ကျေးဇူးတင်ကြောင်းလည်း ပြောဆိုခဲ့သည်။

ယင်းအပေါ် မီဇိုရမ်ဝန်ကြီးချုပ်ကလည်း ၎င်းတို့ပါတီ အာဏာဆက်ရနေသ၍ ချင်းညီအစ်ကိုများကို ကူညီသွားပေးသွားမည်ဟု ပြန်လည်တုံ့ပြန်ခဲ့ကြောင်း ဆလိုင်းယောမာန်က ဆိုသည်။

‘’တွေ့ဆုံပွဲမှာ အိန္ဒိယ ဗဟိုအစိုးရနဲ့ မီဇိုရမ် ပြည်နယ်အစိုးရတို့အနေနဲ့ ချင်းပြည်နယ်အတွင်း လုပ်ဆောင်လိုတဲ့ ကိစ္စတွေရှိရင်လည်း မြေပြင်ကို စိုးမိုးထိန်းချုပ်ထားတဲ့ အဖွဲ့တွေအနေနဲ့  ကျွန်တော်တို့ကလည်း တတ်နိုင်တဲ့ ဘက်က ကူညီလုပ်ဆောင်သွားမယ့်အပြင် လိုအပ်တဲ့ အကူအညီပေးနိုင်ကြောင်း ဆွေးနွေးခဲ့တယ်” ဟု ဆလိုင်းယောမာန်က ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ဘက်ခြမ်းတွင် မြန်မာနိုင်ငံဘက်ခြမ်းမှ ဝင်ရောက်လာသည့် မူးယစ်ဆေးဝါးများဖမ်းဆီးရရှိမှု နေ့စဉ်နီးပါးရှိနေကြောင်း ဒေသတွင်း မီဒီယာများကဖော်ပြနေပြီး စက်တင်ဘာ ၁၂ ရက်ကလည်း အာသံရိုင်ဖယ်တပ်က ရူပီးသိန်း ၈,၇၈၄ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် တဖက်မှာလည်း အိမ်နီးချင်း မြန်မာနိုင်ငံဘက်က တရားမဝင် ရွှေ့ပြောင်းဝင်ရောက်နေထိုင်မှု၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများ မြင့်တက်လာခြင်းကြောင့် ပြည်နယ်အတွင်း နယ်စပ်ခြံစည်းရိုးခတ်ရန် စီစဉ်နေကြောင်း မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားထားသည်။

လက်ရှိတွင် အိမ်နီးချင်း မြန်မာနှင့် ကီလိုမီတာ ၄၀၀ ခန့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မဏိပူရ်ရှိ အိန္ဒိယ-မြန်မာ နယ်စပ်၏ ၁၀၀ ကီလိုမီတာခန့်ကို ခြံစည်းရိုးခတ်ရန် လုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။

စာတည်း။    ။ နောင်နောင်
စာမူတည်းဖြတ်၊။  ။ သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required