ပခုက္ကူမြို့တွင် အုပ်စုဖွဲ့ရမ်းကားနေသည်များကို ထိရောက်စွာအရေးယူရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ညွှန်ကြား

ပခုက္ကူမြို့တွင် အုပ်စုဖွဲ့ရမ်းကားနေသည်များကို ထိရောက်စွာအရေးယူရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ညွှန်ကြား
ဓါတ်ပုံ ပြည့်ဖြိုးကျော်(ပခုက္ကူ)

မကွေး၊ ဧပြီ ၂၅ ။              ။ မကွေးတိုင်းဒေသကြီးပခုက္ကူမြို့၌ အုပ်စုဖွဲ့ရိုက်နှက်မှုများ များပြားလာသောကြောင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးမှ ဓါးများ ဒုတ်များ ကိုင်စွဲ၍ လူငယ်များ အုပ်စုဖွဲ့ သွားလာခြင်းမပြုကြရန် ဧပြီ ၂၃ရက်နေ့ပါ ရက်စွဲဖြင့် အရေးပေါ်ကြေငြာချက်ထုတ်ပြန်ထားကြောင်း ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောသည်။

“ပခုက္ကူမြို့ပေါ်မှာ လူငယ်တွေ တုတ် ဓါး တွေကိုင်ပြီးမကြာခဏဆိုသလို အုပ်စုဖွဲ့ရမ်းကားမှုတွေများလာတဲ့ အတွက် မြို့ခံပြည်သူတွေအနေနဲ့ သူတို့ရဲ့လုံခြုံရေးကိုစိုးရိမ်နေကြတယ် ဒါကြောင့် တည်ဆဲဥပဒေအရအရေးယူဆောင်ရွက်ဖို့ ရပ်ကျေးအုပ်ချုပ်တွေဆီ စာထွက်ပေးထားပါတယ်”ဟုဦးမြင့်ခိုင်က မဇ္ဈိမသို့ ပြောသည်။

အုပ်စုဖွဲ့ရမ်းကားနေသူများအား ထိရောက်စွာအပြစ်ပေးအရေးယူမှုများပြုလုပ်နိုင်ရန် လွတ်တော်ကိုယ်စာလှယ်များ ဒေသဆိုင်ရာအာဏာပိုင်များ ရဲ တပ်ဖွဲ့များ တရားရေးတို့  တွေ့ဆုံကာ   ဒေသန္တရကြေငြာချက်ထုတ်ပြန်ကြေငြာခဲ့ကြောင်း ၎င်းကရှင်းပြသည်။

“မြို့ပေါ်မှာ လုံခြုံရေးအနေအထား အတော်ကိုကြောက်စရာကောင်းနေပြီ လူငယ်တွေအုပ်စုဖွဲ့ရမ်းကားတာ အလွန်အမင်းများပြားနေတယ် ရဲကလည်း အရေးယူတယ်ဆိုပေမယ့် ညဖမ်း မနက်လွတ် အခြေအနေမျိုးတွေဘဲ စနစ်တကျအပြစ်ပေးအရေးယူတာမျိုးမရှိခဲ့ဘူး အာမခံတွေပေးတယ် အဲ့ဒီအာမခံပေးတဲ့ လူငယ်တွေက အရင် ရဲစခန်းမှာ အာမခံယူထားရတဲ့ သူတွေဖြစ်နေတယ် ဒါကြောင့် ကျွန်တော်တို့ပြည်သူတွေအနေနဲ့ လုံခြုံရေးကိုအရမ်းစိုးရိမ်နေရတယ် အဲဒါတွေကြောင့် အရပ်ဖက်အဖွဲ့အစည်းအချို့ နဲ့ ပြည်သူတွေ ပူးပေါင်းပြီး ခရိုင်အုပ်ချုပ်ရေးနဲ့ ရဲကို ဧပြီ ၂၁ရက်နေ့က စာတင်ထားတယ်” ဟု ပခုက္ကူရေအလှူတော်အဖွဲ့မှ ကိုရဲ က သို့ ပြောသည်။

ပခုက္ကူမြို့တွင်အုပ်စုဖွဲ့ရမ်းကားနေသည့် လူငယ် ၄၀ခန့်ရှိကြောင်း ။၎င်းတို့ထဲမှ အချို့ကို ဖမ်းမိထားကြောင်း၊  ရပ်ကွက်အုပ်ချုပ်ရေး ကတဆင့် စာရင်းကောက်ပြီး ခံဝန်နှင့်ခြေချုပ်ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှုး ရဲမှုးညွန့်ဇော် ကဆိုသည်။

အရေးပေါ်ကြေငြာချက်တွင် ရပ်ကွက်နေလူငယ်များ တုတ် ဓါးလက်နက်များကိုင်ဆောင်ခြင်း လုံးဝ ခွင့်မပြုကြောင်း အရက်သေစာသောက်စားြ့ပီး မူးယစ်ရမ်းကားခြင်း မူယစ်ဆေးများသုံးစွဲပြီး မူးယစ်ရမ်းကား အော်ဟစ်ဆဲဆိုနေခြင်းများ လုံဝခွင့်မပြုကြောင်း အုပ်စုဖွဲ့ တုတ်ဓါးကိုင်စွဲ၍ ပြည်သူများအား ခြိမ်းခြောက်ခြင်း အနှောက်အယှက်ပေးခြင်း များအား လုံးဝခွင့်မပြုကြောင်း ယင်းကိစ္စများအား ဖောက်ဖျက်ကျုးလွန်ပါက တည်ဆဲဥပဒေအတိုင်း ဒေသန္တရအမိန့် ခြေချုပ်နှင့် ခံဝန်ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးရုံများတွင် သတိပေးနှိုးဆော် ထားကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required