ပခုက္ကူမြို့တွင် ပစ္စည်းဟောင်းအရောင်းဆိုင် ဓားပြတိုက်ခံရ 

By 007 (မဇ္ဈိမ)
27 June 2023
ပခုက္ကူမြို့တွင် ပစ္စည်းဟောင်းအရောင်းဆိုင် ဓားပြတိုက်ခံရ 

မကွေးတိုင်း၊ ပခုက္ကူမြို့ အမှတ်(၃)ရပ်ကွက်ရှိ၊ သီရိရတနာလမ်းပေါ်တွင် ဖွင့်ထားသည့် ပစ္စည်းဟောင်းအရောင်းဆိုင်နေအိမ် ဇွန်လ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဓားပြတိုက်ခံခဲ့ရကြောင်း သိရသည်။

“နေ့ခင်းကြောင်တောင်ကြီးကို သေနတ်တွေပေါ်တင်ကိုင်လာပြီး ဝင်တိုက်သွားတာပါ၊ အဲဒီရပ်ကွက်က မိုင်တဲရုံးရှိလို့ လုံခြုံရေးတင်းကြပ်ထားတာ နှစ်နဲ့ချီနေပြီ။ ဆိုင်ကယ်နှစ်စီးနဲ့ လူလေးယောက် အေးအေး သက်သာပဲ ဓားပြဝင်တိုက်သွားတာ” ဟု ဒေသခံတဦးက ပြောသည်။

သေနတ်များကိုင်ဆောင်ထားသော လူလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ဆိုင်ရှင်မိသားစုကို သေနတ်ဖြင့်ချိန်ရွယ်ကာ နေအိမ်အိပ်ခန်းအတွင်းရှိ မီးခံသေတ္တာထဲမှ ငွေကျပ်သိန်း ၆၀ ခန့်၊ ဘီရိုအတွင်း အသင့်ရှိနေသော ငွေကျပ်သိန်း ၄၀ ခန့်အပြင်၊ လက်ကိုင်ဖုန်းနှစ်လုံးနှင့် လက်ဝတ်လက်စားအချို့ကို ယူဆောင်သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

“ငွေသားချည်းပဲ သိန်း ၁၀၀ လောက် ပါသွားတယ်၊ နားကပ်တရံနဲ့ ရွှေထည်တချို့ရယ် ဖုန်းနှစ်လုံးရယ် လည်း ပါသွားတယ်လို့သိရတယ်” ဟု ရဲတပ်ဖွဲ့အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယနေ့ ဇွန်လ ၁၇ ရက် နံနက်ပိုင်းအထိ ဓားပြတိုက်သွားသူများအား ဖမ်းဆီးနိုင်ခြင်းမရှိသေးသော်လည်း စစ်ကောင်စီ၏သတင်းများကို ဝါဒဖြန့်ပေးနေသည့် တယ်လီဂရမ်ချန်နယ်များတွင် PDF များက ဓားပြ တိုက်သွားခြင်းဖြစ်သည်ဟု ရေးသားထားကြသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ကလည်း လုံခြုံရေးတင်းကြပ်ထားသော ပခုက္ကူမြို့ မြို့မဈေးအတွင်းရှိ ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

စာတည်း။      ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly