စစ်ကောင်စီတပ်သား လက်နက်ခဲယမ်းနှင့်အတူ Young Force UG ထံသို့ အလင်းဝင်

By ကိုခင်မောင် (မဇ္ဈိမ)
02 June 2023
စစ်ကောင်စီတပ်သား လက်နက်ခဲယမ်းနှင့်အတူ Young Force UG ထံသို့ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ  တပ်မ (၁၀၁)မှ စစ်ကောင်စီတပ်သား တစ်ဦးသည်  လက်နက်ခဲယမ်းများနှင့်တူ  အလင်းဝင်ရောက်ခဲ့သည်ဟု Young Force UG က ယမန်နေ့ ဇွန်လ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။ 

တပ်မ (၁၀၁)မှ အဆိုပါ စစ်ကောင်စီတပ်သားသည် စစ်ကောင်စီ လက်အောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်လို၍  MA 1သေနတ် တစ်လက်၊ ကျည်ဘောက် နှစ် ခု၊ ကျည် ၁၀၀ တောင့်နှင့်အတူ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ  လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်သည်ဟု Young Force UG မှ တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။ 

“အလင်းဝင်လာတာတော့ ပခုက္ကူတပ်မ (၁၀၁) ကပါ။  တပ်တွင်းဖိနှိပ်မှုတွေရယ် အကြောင်းမဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာတွေ မလုပ်ချင်တော့လို့ လာရောက်ပူးပေါင်းတာလို့‌ ပြောပါတယ်” ဟု  Young Force UG မှ တာဝန်ရှိက ဆိုသည်။ 

ယခုကဲ့သို့ လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်လာသူအား ဆုချီးမြှင့်ငွေ သိန်းတစ်ရာကျော် ပေးအပ်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့သည်ဟု  သိရသည်။ 

“အဖွဲ့ရန်ပုံငွေမရှိပေမဲ့ နီးစပ်ရာတွေက ချေးငှားပေးခဲ့တာပါ။  လုံခြုံတဲ့နေရာ ရောက်သွားပြီမို့လို့ မနေ့က သတင်းထုတ်တာပါ”ဟု Young Force UG အဖွဲ့တာဝန်ရှိသူက ပြောသည်။ 

ယခုနောက်ဆုံး ဝင်လာသောတပ်သား အပါအဝင် Young Force (UG) အဖွဲ့ထံသို့ အလင်းဝင်လာသူ စုစုပေါင်း ၁၁ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

စာတည်း။     ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly