ငါန်းဇွန်တွင် သားအဖ ၂ ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးပစ်သတ်

By ဓါတု (မဇ္ဈိမ)
25 October 2023
ငါန်းဇွန်တွင် သားအဖ ၂ ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးပစ်သတ်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ထန်းတပင်ကျေးရွာတွင် မီးသွေးဖုတ်နေသည့် ဒေသခံသားအဖနှစ်ဦးအား  ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)ဟုအထင်ဖြင့် စစ်ကောင်စီတပ်မှ ဖမ်းဆီး၍ပစ်သတ်လိုက်ကြောင်းသိရသည်။ 

ထန်းတပင်ရွာတွင် အောက်တိုဘာလ ၂၃ ရက် ည ၁၁ နာရီခန့်က မြင်းခြံခရိုင်တပ်ရင်း အမှတ် (၆) တပ်ခွဲ (၃)  Special Task Force-Ngazun တပ်ဖွဲ့နှင့် အင်အား ၁၀၀ ကျော်ရှိ စစ်ကောင်စီတို့ နှစ်မိနစ်ကြာ နှစ်ဖက်ထိတွေ့မှုဖြစ်ပွားပြီးနောက် အောက်တိုဘာလ ၂၄ ရက်အကူး ညဥ့်သန်းခေါင်အချိန် တောတွင်းနေထိုင်သည့် အဆိုပါသားအဖနှစ်ဦးအား စစ်ကောင်စီမှဖမ်းကာ သေနတ်ဖြင့်ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း ငါန်းဇွန်မြို့နယ်ပကဖအဖွဲ့မှ တာဝန်ခံတဦးက မဇ္စျိမကို ပြောသည်။

"ဖြစ်စဥ်က ဒလန်ကတိုင်လို့ ကျွန်တော်တို့ရဲဘော်တွေရှိတဲ့ ကင်းကိုလာဝိုင်းတာ။ အဲ့ဒီမှာ ကျွန်တော်တို့ဘက်က ရဲဘော်တယောက်က လျက်ဆားပုလင်း(လက်လုပ်မိုင်း)နဲ့ ပြန်ပစ်တော့ စစ်သားနဲ့ ရဲဘက်က ၁၀ ကောင်က တရစပ်ပစ်တာ မီတာ ၃၀၀ လောက်အကွာပဲရှိတယ်။ အဲ့ဒါနဲ့ကျွန်တော်ထွက်ပြီး တောထဲမှာညအိပ်မီးသွေးဖုတ်တဲ့ သားအဖနှစ်ယောက်ကို PDF ထင်ပြီး အဲ့ဒီနေရာမှာတင် သေနတ်နဲ့ ပစ်သတ်လိုက်တယ်။ အမှန်ကသူတို့ (စကစ)အထိများတော့ ပြန်ဆယ်တဲ့အနေနဲ့ ပြည်သူနှစ်ယောက်ကို ရဲဘော်တွေထင်ပြီး ပစ်သတ်တာပါ"ဟု ၎င်းကပြောသည်။

အဆိုပါအသက် ၆၀ ဝန်းကျင်နှင့် အသက် ၃၀ အရွယ်ရှိ သားအဖနှစ်ဦး၏ရုပ်အလောင်းအား လက်ရှိအချိန်ထိ ယင်းနေရာတွင် ဆက်လက်ရှိနေသေး၍ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ ကျော်မှာ တပ်စွဲထားသည့်အတွက် ပကဖအဖွဲဝင်များမှ ရွာအတွင်း ချဥ်းကပ်ရန်အခက်တွေ့နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

နှစ်ဘက်အပြန်အလှန်ပစ်ခတ်ရာတွင် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူများရှိသော်လည်း အသေးစိတ်မသိရသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးမှာ ချိုင်းနှင့်ဒူးဆစ်နား လက်နက်ငယ်ရှပ်မှန်သည့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဥ် ဖြစ်ပွားသည့်ရက်မှစ၍ စစ်ကောင်စီတပ်ဖွဲ့မှာ ထန်းတပင်ရွာတွင်းဘုန်းကြီးကျောင်းတွင် အထိုင်ချတပ်စွဲထား၍ လက်ရှိအချိန်ထိနယ်မြေရှင်းလင်းခြင်းများ လုပ်ဆောင်နေသဖြင့် ရွာခံအချို့မှာ  ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများကဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ငါန်းဇွန်မြို့နယ်
#PDF
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly