ရထားလမ်း မိုင်းခွဲခံရပြီးနောက် အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားဖြန့်ကျက်ထား

By YT  (မဇ္ဈိမ)
18 October 2023
ရထားလမ်း မိုင်းခွဲခံရပြီးနောက် အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားဖြန့်ကျက်ထား

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့တွင် ရန်ကုန်- မန္တလေး မီးရထားလမ်း မိုင်းခွဲဖျက်ဆီးခံရပြီးနောက် အနီးတဝိုက်တွင် စစ်ကောင်စီတပ်က စစ်အင်အားများ ဖြည့်တင်းကာ ဖြန့်ကျက်ထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်နှင့် ဒေသခံများက ပြောသည်။

ထိုရထားလမ်းအနီးတဝိုက် နေရာယူထားသည့် စစ်ကောင်စီတပ်၊ ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၄)နှင့် တော်ဝိကျေးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများက ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်နေကြောင်းလည်း ဆိုသည်။

"ရထားလမ်းကလည်း ပျက်စီးသွားတာ များတယ်၊ မနေ့က တနေကုန် အပစ်ခံနေရ တာသာ ကြည့်တော့ပေါ့၊ မနေ့ကဆို နေ့လယ်ပိုင်း ၁၁ ခွဲက ပစ်တာ၊ ခြုံအင်းမှာ နွားနှစ်ကောင် ထပ်သေသေးတယ်" ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကို ပြောသည်။ 

ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့၊ နံနက် ၁ နာရီအချိန်တွင် ပိန်းဇလုပ်ဘူတာနှင့် တော်ဝိဘူတာအကြား ရန်ကုန်- မန္တလေး မီးရထားလမ်း မိုင်းခွဲဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ရထားလမ်းပိုင်းကို မည်သူတို့က ဖောက်ခွဲခဲ့သည်ကို မသိရပေ။

မိုင်းခွဲခံရမှုကြောင့် အစုန်၊ အဆန် ရထားလမ်း နှစ်ခုလုံးတွင် ရထားသံလမ်း ကွေးကောက်ပြတ်တောက်ခြင်း၊ ဇလီဖာတုံးများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

"ဒီမှာတော့ အခြေအနေမကောင်းဘူး၊ စစ်ရေးအခြေအနေ တင်းမာနေပြီ၊ ပိန်းဇလုပ်ကို တင့်ကားတွေရောက်နေပြီ၊ ရထားလမ်းကိစ္စအတွက်နဲ့ပေါ့၊ အခု ရထားလမ်းတောက်လျှောက်မှာ နေရာယူထားကြတယ်” ဟု ဒေသခံတဦးကလည်း ပြောသည်။

 ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့၊ မွန်းလွဲပိုင်းမှာ ပိန်းဇလုပ်အခြေစိုက်၊ ခလရ (၂၆၄) က ပစ်ခတ်သော လက်နက်ကြီးသည် ရေတွင်းကုန်းရွာထဲသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ရွာသားနှင့် လူနေအိမ်များ ထိခိုက်မှု ရှိ၊ မရှိ မသိရသေးကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်နေ့ကလည်း တောကျွဲအင်းဘူတာနှင့် ကညွတ်ကွင်းဘူတာအကြား ရန်ကုန်- မန္တလေး မီးရထားလမ်းပိုင်းတွင် အမှတ် (၉၂၄) အစုန်ကုန်တင်ရထားသွားနေချိန် မိုင်းဖောက်ခွဲမှု ဖြစ်ပွားခဲ့သေးသည်။

ထိုဖောက်ခွဲခံရမှုတွင် ရထားသံလမ်း ပျက်စီးရုံတင်မက သွားနေသော ရထားကုန်တွဲများနှင့်  စက်ခေါင်းတိမ်းမှောက်ကာ ပျက်စီးမှုများပြားခဲ့ကြောင်း သိရသည်။

စာတည်း။    ။ နောင်နောင်

#ရထားသံလမ်း
#ပဲခူး
#မိုင်းခွဲခံရ
#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required