စစ်တပ် သယ်ပို့လေယာဉ်သစ် ၃ စင်း ဖိလစ်ပိုင် မှာယူ

By The Defense Post
18 October 2023
စစ်တပ် သယ်ပို့လေယာဉ်သစ် ၃ စင်း ဖိလစ်ပိုင် မှာယူ

ဖိလစ်ပိုင်နိုင်ငံသည် ၎င်း၏ လေတပ်အတွက် C-130J-30 Super Hercules သယ်ပို့လေယာဉ်သစ် သုံးစင်းကို ဝယ်ယူမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောသည်။

လွန်ခဲ့သော ၁၀နှစ်ကျော်မှ စတင်သော စစ်တပ်ခေတ်မီရေး အစီအစဉ် တစိတ်တပိုင်းအဖြစ် ယခု ဝယ်ယူမှုသည် ရေရှည်မဟာမိတ် အမေရိကန်က တောင်တရုတ်ပင်လယ်၌ တရုတ်၏ ကြီးထွားလာသော ရန်လိုမှုကို ရင်ဆိုင်ရန် ကြိုးစားနေချိန်၌ ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။

ဖိလစ်ပိုင်တပ်များသည်လည်း မွတ်စလင်လူများစု တောင်ပိုင်း၌ ကွန်မြူနစ်သူပုန်နှင့် လက်နက်ကိုင်စစ်သွေးကြွများကို ရင်ဆိုင်တိုက်ခိုက်နေရသည်။

“C-130J-30 လေယာဉ်တွေ ထပ်ဆောင်းအားဖြည့်တာဟာ ယုံကြည်လောက်တဲ့ ကာကွယ်ရေးစွမ်းရည်ကို အတိအကျ ဦးတည်စေမှာ ဖြစ်ပါတယ်”ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ဆိုသော်လည်း ဝယ်ယူမှု သဘောတူညီချက်၏ တန်ဖိုးကို ဖော်ပြခြင်း မပြုပေ။

အမေရိကန် ထုတ်လုပ်သူ Lockheed Martin ကုမ္ပဏီက ၂၀၂၆ တွင် လေယာဉ်နှစ်စင်းနှင့် ၂၀၂၇ တွင် တတိယမြောက် လေယာဉ်ကို ပေးပို့ရန် စာချုပ်ချုပ်ဆိုထားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အဆိုပါ လေယာဉ်သစ်သည် တိုက်ခိုက်ရေးတပ်အင်အား ၁၂၈ ဦး သို့မဟုတ် လေထီးစစ်သည် ၉၂ ဦးကို တင်ဆောင်နိုင်မည် ဖြစ်သည်။

ယခု လေယာဉ်မော်ဒယ်မှာ C-130J လေယာဉ်ကို အဆင့်မြှင့်တင်ထားခြင်း ဖြစ်ကြောင်း Lockheed Martin ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်လေတပ်၌ လက်ရှိတွင် C-130 လေယာဉ် လေးစင်း လုပ်ငန်းလည်ပတ်လျက် ရှိနေကြောင်း ပြောခွင့်ရအမျိုးသမီးတဦးက အေအက်ဖ်ပီသို့ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required