ငါန်းဇွန်တွင် စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်မှု ၃ ဦးသေဟု ပကဖပြော

By ဓါတု (မဇ္ဈိမ)
17 October 2023
ငါန်းဇွန်တွင် စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်မှု ၃ ဦးသေဟု ပကဖပြော
ပုံအညွှန်း -  ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်အား ပဒေသာမိုင်းဖြင့် တိုက်ခိုက်စဥ်(ဓာတ်ပုံ- ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီခြေလျင်စစ်ကြောင်းအားပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားသုံးဦးသေဆုံး၍ တဦးဒဏ်ရာရသွားကြောင်း မြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။
 
ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နံနက် ၈ နာရီခန့်က ငါန်းဇွန်မြို့နယ်၊နတ်ကြီးရွာမှရေဇင်းရွာသို့ ထွက်ခွာလာသည့် အင်အား ၃၀ ခန့်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် မိုင်းကွင်းပေါ်သို့ ရောက်ရှိချိန် အချိန်ကိုက်တိုက်ခိုက်နိုင်ခဲ့ခြင်းဟု ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတဦးကမဇ္စျိမကိုပြောသည်။ ပဒေသာမိုင်း ၁၀လုံးထောင်ထားခဲ့ပြီး မိုင်းနှစ်လုံးကို ထိထိမိမိဖောက်ခွဲနိုင်ခဲ့သည်ဟုဆိုသည်။

" မိုင်းကွင်းပေါ်ရောက်လာတဲ့ သုံးယောက်က အဲ့နေရာမှာတင်လဲသွားတယ်"ဟု၎င်းကပြောသည်။ 

အဆိုပါတိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊မြင်းခြံခရိုင်တပ်ရင်း (၇)တပ်ခွဲ (၁) ငါန်းဇွန်မီးနဂါးပြောက်ကျားအဖွဲ့ နှင့်ငါန်းဇွန်ပကဖ အဖွဲ့ဝင်များဖြစ်သောTGYR ၊ဒေါင်းဖိုက်တာ၊ပြည်တော်ဝင်၊925၊လက်ရုံး၊ဖက်ဒရယ်ညီအကို၊ငန်းနက်၊ အားမာန်သစ်စသည့် ပြောက်ကျားအဖွဲ့များနှင့် ရွှေဂျိူးဖြူပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့အောက်တိုဘာလ ၁၇ရက်တွင် ငါန်းဇွန်မြို့နယ် ရေဇင်းရွာသို့ရောက်ရှိနေကြောင်းသိရသည်။

စာတည်း - အေးချမ်း
#mizzima
#ငါန်းဇွန်မြို့နယ်
#စစ်ကောင်စီခြေလျင်စစ်ကြောင်း
#မိုင်းဆွဲတိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly