NCA အခမ်းအနားတက်ရောက်တဲ့ ABSDF တပ်ဖွဲ့ဝင် ၃ ဦးကို နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာ တာဝန်များ ရုပ်သိမ်း

By Spring
17 October 2023
NCA အခမ်းအနားတက်ရောက်တဲ့ ABSDF တပ်ဖွဲ့ဝင် ၃ ဦးကို နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာ တာဝန်များ ရုပ်သိမ်း

စစ်ကောင်စီဦးဆောင်ကျင်းပတဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ် NCA ၈ နှစ်မြောက် အခမ်းအနားကို တက်ရောက်ခဲ့ကြတဲ့ တပ်ဖွဲ့ဝင်သုံးဦးကို တာဝန်ကနေ ရုတ်သိမ်းလိုက်တယ်လို့ ABSDF ကထုတ်ပြန်လာပါတယ်။

NCA (၈)နှစ်မြောက် အခမ်းအနားကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း ရဲဘော် စောမောင်မောင်ဦး၊ ရဲဘော် မင်းဇော်တို့ သုံးဦးတို့ဟာ ABSDF မှ ချမှတ်ထားတဲ့ မူ၊ သဘောထား၊ ရပ်တည်ချက်များနဲ့ ဆန့်ကျင်ကာ ၎င်းတို့ရဲ့ ဆန္ဒသဘောထား သက်သက်ဖြင့် တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုထားပါတယ်။

ဒါကြောင့် အောက်တိုဘာ ၁၆ ရက်နေ့မှာ ကျင်းပတဲ့ အရေးပေါ်ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ သူတို့သုံးဦးကို နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာ တာဝန်အသီးသီးကို ရုတ်သိမ်းလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ မူ သဘောထား ရပ်တည်ချက်တွေနဲ့ ဆန့်ကျင်တာတွေ ဆက်လက်လုပ်ဆောင်တာမပြုဖို့ သူတို့ကို သတိပေးထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ဝါဒဖြန့်သတင်းတွေမှာတော့ NCA မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြတဲ့ EAO ခေါင်းဆောင်ဖြစ်တဲ့ ဦးမျိုးဝင်းလို့ သုံးနှုန်းထားပြီး အခြားနှစ်ဦးကိုတော့ နာမည်ဖော်ပြခြင်းမရှိခဲ့ပါဘူး။

ABSDF အနေနဲ့ စစ်ခေါင်းဆောင်ဖိတ်ကြားတဲ့ NCA ရှစ်နှစ်ပြည့်ပွဲကို တက်ရောက်မှာမဟုတ်ကြောင်းနဲ့ တက်ရောက်ဖို့ အတွက်လည်း ဘယ်သူကိုမှ တာဝန်ပေးထားခြင်း မရှိကြောင်း အောက်တိုဘာ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့မှာလည်း NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရဲ့သားလက်နက်ကိုင်ဆယ်ဖွဲ့ထဲက ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့က ပြည်သူတွေအပေါ် ကျုးလွန်နေတဲ့ အကြမ်းဖက်မှုတွေ မရပ်တန့်သေးသရွေ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ပါဝင်ဆွေးနွေးမှာ မဟုတ်ဘူးလို့ ပူးတွဲ ထုတ်ပြန်ထားပါတယ်။

ကျောင်းသားတပ်မတော် ABSDF ဟာ ၁၉၈၈ ခုနှစ် လုထုအရေးတော်ပုံကနေ ပေါ်ပေါက်လာတာဖြစ်ပြီး သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်မှာ အခြားသော EAO တွေနဲ့အတူ NCA စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်ရဲ့ တစ်ကျော့ပြန်အာဏာသိမ်းမှုကြောင့် အပစ်ရပ်ထိုး KNU ၊ CNF တို့နဲ့အတူ NCA ကို ကျောခိုင်းကာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ၊ တိုင်းရင်းသားလက်နက်ကိုင်များ အပါအဝင် တော်လှန်ရေးအင်အားစုများဖြင့် ပူးပေါင်းပြီး လူထုနွေဦးတော် လှန်ရေးမှာ ပါဝင်ခဲ့ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

#politicalnews

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required