နယ်စပ်​တည်ငြိမ်​ရေး အလေးထားဆောင်ရွက်မည်ဟု တရုတ်ကို စစ်​ကောင်စီ​ခေါင်း​ဆောင်​​ပြော၊ နယ်စပ်၌ တိုက်ပွဲများ ဆက်ဖြစ်နေ

By 001 (မဇ္ဈိမ)
16 October 2023
နယ်စပ်​တည်ငြိမ်​ရေး အလေးထားဆောင်ရွက်မည်ဟု တရုတ်ကို စစ်​ကောင်စီ​ခေါင်း​ဆောင်​​ပြော၊ နယ်စပ်၌ တိုက်ပွဲများ ဆက်ဖြစ်နေ

တရုတ်နိုင်ငံနှင့်နယ်စပ်​ဒေသတည်ငြိမ်​ရေးနှင့် ဖွံ့ဖြိုး​ရေးကို အ​လေးထား​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း စစ်​ကောင်စီ​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်က တရုတ်နိုင်ငံခြား​ရေးဝန်ကြီးဌာန၊ အာရှ​ရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းနှင့် ​တွေ့ဆုံရာတွင် ​ပြောသည်။

နေပြည်တော်တွင် ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA နှစ်ပတ်လည်နေ့ အခမ်းအနားအပြီး တွေ့ဆုံချိန်တွင် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယနေ့ အောက်တိုဘာလ ၁၆ရက်)ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ နယ်စပ်​ဒေသများတွင် အ​ခြေပြုပြီး တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားကို ထိခိုက်​စေမည့် လုပ်​ဆောင်ချက်များကို လက်သင့်မခံ​ကြောင်းလည်း စစ်​ကောင်စီ​ခေါင်း​ဆောင်က ​ပြောဆိုခဲ့သည်ဟု သိရသည်။

ထို့ပြင် အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းလိမ်လည်မှုပပျောက်စေရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ NCA ကိစ္စ၊ ပါတီစုံဒီမိုကရေစီကိစ္စ၊ ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်နေမှုတို့ကိုလည်း တရုတ်အစိုးရကိုယ်စားလှယ်နှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မစ္စတာတိန့်ရှီကျွင်းအ​နေဖြင့် စစ်​ကောင်စီကကျင်းပသည့်၏  NCA အခမ်းအနား တက်​ရောက်ရန် ​နေပြည်​တော်သို့​ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အခမ်းအနားအပြီးတွင် စစ်ကောင်စီ၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်လည်း သီးသန့်တွေ့ဆုံခဲ့​ကြောင်း ကြေးမုံသတင်းစာက ဖော်ပြထားသည်။
ထိုတွေ့ဆုံမှုတွင်လည်း  နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်နေမှုများအပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

လတ်တ‌လောတွင် တရုတ်နိုင်ငံနှင့် ထိစပ်နေသော  ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်မြို့အချို့တွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ တိုက်ပွဲများဖြစ်ပွားနေသည်။ 

ကချင်ပြည်သူ့လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ဒေသဖြစ်သော ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ  မုန်လိုင်ခက်စစ် ဘေးရှောင်စခန်းကို အောက်တိုဘာလ ၉ ရက်​နေ့တွင် စစ်ကောင်စီက တိုက်ခိုက်ပြီးနောက်ပိုင်း ယင်းနေရာပတ်ဝန်းကျင်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။တရုတ်နိုင်ငံဘက်တွင် တရုတ်စစ်တပ်က သံချပ်ကာကားများဖြင့်မကြာခဏ လုံခြုံရေးကင်းလှည့်နေသည်ဟု ဒေသခံများကပြောသည်။ မုန်လိုင်ခက်စစ် ဘေးရှောင်စခန်းအား စစ်ကောင်စီက တိုက်ခိုက်မှုတွင် ကလေးငယ် ၁၁ဦးအပါအဝင် စစ်ဘေးရှောင် ၂၉ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့ကြောင်း KIAက သတင်းထုတ်ပြန်ထားသည်။ 

ထို့အပြင် တရုတ်နိုင်ငံနှင့်နယ်စပ်ဖြစ်‌သောရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၁၄ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်ဘက်တွင် ၁၆ဦးသေဆုံးပြီး  လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ကြောင်း MNDAAက အောက်တိုဘာလ ၁၅ရက်တွင် သတင်းထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း
#mizzima
#တရုတ်နယ်စပ်​ဒေသ
#စစ်​ကောင်စီ​ခေါင်း​ဆောင်
#မစ္စတာတိန့်ရှီကျွင်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required