ကျိုက်ထိုမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ တော်လှန်ရေးရဲဘော် ၈ ဦး ဒဏ်ရာရ

By YT (မဇ္ဈိမ)
16 October 2023
ကျိုက်ထိုမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ တော်လှန်ရေးရဲဘော် ၈ ဦး ဒဏ်ရာရ
ပုံအညွှန်း- တိုက်ပွဲဝင် KNLA ရဲဘော်တစ်ဦး (ဓါတ်ပုံ- KNU (ပုံဟောင်း)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်အနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ (၁) ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး တော်လှန်ရေးရဲဘော် ရှစ်ဦး ထိခိုက်ဒဏ်ရာခဲ့ကြောင်း သတင်းအရင်းအမြစ်ထံက သိရသည်။ 

အောက်တိုဘာလ ၁၃ ရက် နေ့လယ် ၁၂ နာရီ ၁၀ မိနစ်က ရန်ကုန်- မော်လမြိုင်ကားလမ်းမပေါ်မှ ဖြတ်သွားမည့် စစ်ကောင်စီယာဉ်တန်းအား တိုက်ခိုက်ရန် ကင်းပုန်းဝပ်နေသည့် တပ်မဟာ (၁) KNLA ပူးပေါင်းစစ်ကြောင်းအား စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

"ရန်ကုန်ဘက်ကနေရော ဘီးလင်းဘက်ကနေရော ကားတန်းတွေ လာဖို့ရှိတယ်လို့ သတင်းရတဲ့အတွက် ဒီကားတန်းတွေကို ချောင်းမြောင်းတိုက်ခိုက်ဖို့အတွက် ကင်းပုန်းသွားဝပ်တယ်။ ဝပ်တဲ့အချိန်မှာ သတင်းပေါက်ပြီးတော့ ကျွန်တော်တို့ ပြန်ပြီး တိုက်ခိုက်ခံရတယ်" ဟု တော်လှန်ရေးသတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

ပစ်ခတ်တိုက်ခိုက်ခံရမှုအတွင်း တပ်မဟာ (၁) KNLA ပူးပေါင်းစစ်ကြောင်းနှင့် စစ်ကောင်စီကင်းပုန်းအကြား ထိတွေ့တိုက်ပွဲ မိနစ် ၄၀ကျော်ကြာ ဖြစ်ပွားခဲ့ပြီး တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့ဘက်တွင် ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ 

ဒဏ်ရာရရဲဘော် ရှစ်ဦးအနက် နှစ်ဦးမှာ ဒဏ်ရာပြင်းထန်သော်လည်း ဆေးကုသမှု ခံယူနေသဖြင့် မစိုးရိမ်ရတော့ကြောင်း ဆိုသည်။

"စစ်ကောင်စီတပ်ရဲ့ အထိအခိုက်အကျအဆုံးကိုတော့ မသိရဘူးဗျ။ ကျွန်တော်တို့ သိရတာကတော့ ပဒုမ္မာလူနာတင်ကားသုံးစီးနဲ့ သူတို့ကိုလာပြီး လူနာတွေကို ဆွဲထုတ်သွားတယ်ဆိုပြီးတော့ သိရတယ်" ဟု အဆိုပါ တော်လှန်ရေးသတင်းရင်းမြစ်က ဆက်ပြောသည်။ 

ထို့အပြင် တိုက်ပွဲဖြစ်ပွားစဉ်အတွင်း လက်ပံပင်လမ်းခွဲရှိ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ခလွန်စုအပိုင်းရှိ  နေအိမ်တအိမ်‌အတွင်း လက်နက်ကြီးကျည်တလုံး ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ်အတွင်းရှိ အသက် ၈၀ အရွယ်ရှိ အဖွားအိုတဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ 

"လက်ပံပင်လမ်းဝက စကစဂိတ်ကနေ ၄၀မမ၊ ၆၀ မမတွေ စပစ်တော့ အောက်အင်္ဂဘိုက အိမ်ထဲကျတယ်၊ အိမ်ထဲမှာက သူ့တစ်ယောက်ပဲရှိတာ။ အသက်လည်းကြီးနေပြီဆိုတော့ ဒဏ်ရာကို ခံနိုင်ရည်မရှိတော့တာပေါ့ ဆုံးသွားတယ်။ နာမည်က ဒေါ်တင်စိန်ပါ" ဟု KNLA သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။ 

ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့ကလည်း ဒေါင်းတောင်အနီးတွင် တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်တဦး ကျဆုံးကာ စစ်ကောင်စီဘက်တွင်လည်း အထိအခိုက်၊ အကျအဆုံးများ ရှိခဲ့ကြောင်း သိရသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#မွန်ပြည်နယ်
#ကျိုက်ထိုမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required