နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၆ အောက်တိုဘာ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၆ အောက်တိုဘာ၂၀၂၃) 

အမျိုးသားညီညွတ်ရေးအစိုးရ 

- အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးစီးပြီးတော့ CDM ကျောင်းသားများနှင့် CDM ဝန်ထမ်းများအတွက်ရည်ရွယ်ပြီး Development Economics Program သင်တန်းကို အောက်တိုဘာ ၂၁ နဲ့ ၂၂ ရက်တွေမှာ ပြုလုပ် သွားမှာဖြစ်ကြောင်း သိရသည်။ 

- အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြို့နယ် တရားရုံး များ တရားသူကြီးများတွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၁၃/၂၀၂၃)ကို အောက်တိုဘာ ၁၄ ရက် မနက် ၁၀ နာရီ၌ ပြုလုပ်ခဲ့ကြသည်။ 

-လာမည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံဒေသအများစုတွင် မိုးရွာနိုင်သော်လည်း ရေကြီးရေလျှံနိုင်သည့် ပမာဏအထိ မိုးမများနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊လူသားချင်းစာနာ ထောက်ထား ရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။ 

- စစ်တပ်အာဏာသိမ်းကတည်းက NCA စာချုပ် ပျက်ပြယ်သွားပြီဖြစ်သလို စစ်ကောင်စီဟာ NCA စာချုပ်ကို လိုက်နာမှုမရှိသည့် အပြင် အခြေခံမူများကို ချိုးဖျက်ခဲ့ပြီးမှ NCA လက်မှတ်ထိုးသည့် ရှစ်နှစ် ပြည့်လုပ်မည်ဆိုခြင်းသည် ဂုဏ်သိက္ခာမဲ့သောလုပ်ရပ် ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။ 

- အာဏာသိမ်းကာလနှစ်နှစ်ခွဲကျော်အတွင်း တိုက်ပွဲများကြောင့် ကရင်နီ ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၇၀,၀၀၀ အထိရှိလာပြီး စားနပ်ရိက္ခာအကြပ်အတည်းများ ကြုံတွေ့နေရကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ထံက သိရသည်။ 

- ချက်နိုင်ငံ၊ပရာ့ဂ်မြို့တွင်  ကျင်းပပြုလုပ်နေသော (၂၇)ကြိမ်မြောက် Forum 2000 Conference သို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တက်ရောက်နေပြီး "Myanmar’s Overlooked Struggle” ခေါင်းစဉ် ဖြင့်ဆွေးနွေးပွဲအား ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် အတူတိုင်းရင်းသား အဖွဲ့အစည်းကိုယ်စားလှယ် များကလည်း ဝင်ရောက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

- စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားပြီဟု ယူဆပြီး ကျေးရွာအတွင်ပြန်ဝင်လာသူတဦး ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။ 

- ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ပြည်သူခြောက်ဦးကို သတ်ဖြတ်သွားကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ရှိသူက ပြော သည်။ 

- စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က ဒေသခံအမျိုးသား တစ်ဦးအား ပစ်သတ်ခဲ့ပြီး ကျေးရွာအတွင်း မိုင်းများထောင်ထားခဲ့၍ ပြည်သူတစ်ဦး မိုင်းထိဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ 

- အင်းတော်မြို့တွင် ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးကို စစ်ကောင်စီတပ်မ ၇၇ လက် အောက်ခံတပ်ရင်းက ဖမ်းဆီးသွားပြီး နှစ်လခန့်အကြာတွင် လက်ပြန်ကြိုးတုပ်လျက် အသတ်ခံ ထားရသည့်ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။ 

- စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ သိမ်ချောင်းကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား နှစ်ရက်ဆက် တိုက်ခိုက်ရာ ထိခိုက်မှုရှိနိုင်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။ 

- စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်နှင့် ဝက်လက်မြို့နယ် အစပ်တွင် ၃ လကြာ စစ်ဘေး တိမ်းရှောင်နေရ​သော သောင်းနှင့်ချီသော ပြည်သူများ အရေးပေါ် ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေကြောင်း ဒေသပြည်သူများက ပြောသည်။ 

- ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

- စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ ဘုတလင်မြို့နယ်နှင့် ကနီမြို့နယ်ရှိ ကျေးရွာအုပ်စု တစုရှိ ပြည်သူ ၁၀၀ ကျော်ကို လူထုဖက်ဒရယ်လှုပ်ရှားမှု အနေဖြင့် ဖက်ဒရယ်သင်တန်းပို့ချခဲ့သည်။ 

- ကနီမြို့နယ်တွင် နွေဦးတော်လှန်ရေး သပိတ်အင်အားစု နှင့် ဒေသ ပြည်သူများ ဦးဆောင်ကာ တော်လှန်ရေး ဇာတ်ကားများ ပြသ၍ စစ်အာဏာရှင် တော်လှန်ရေး လူထု ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

- စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်နေသည့် အကြမ်း ဖက်စစ်တပ်က အောက် တိုဘာ ၁၅ ရက်နေ့ ညနေပိုင်းတွင် ညောင်ပင်ကြီးစုရဲစခန်းရှေ့တွင် ပြည်သူတစ်ဦးကို ဖမ်းဆီး သတ်ဖြတ် လိုက်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ 

- တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကျောက်နီမှော်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ရေတပ်သင်္ဘောဖြင့် အပါအဝင် အင်အားထပ်ဖြည့်ထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) ကပြောသည်။ 

- မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ညောင်ဇင်ကျေးရွာနှင့် လက်ဝဲကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ အထိုင် စခန်း ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ - နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။ 

- မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်အကြားရှိ ကြာနီကန်ရဲကင်းစခန်းကို ၄၀ မမ ဗုံးပစ်လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ် ပ.က.ဖ တိုက်နယ်- ၅ မှ ဗိုလ်နတ်ဆိုးက ပြောဆိုသည်။ 

- ရန်ကုန်မြို့တစ်နေရာတွင် လူငယ်များက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲကာ ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့ ညပိုင်းတွင် ဆန္ဒပြကြသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

- ကိုးကန့်ဒေသမှာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရာရှိတစ်ဦး အပါအဝင် သေဆုံးသူ ၁၆ဦး ရှိခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA) ထုတ်ပြန်ချက် အရသိရသည်။ 

- အာဏာသိမ်းစစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နှစ်ဖက်တပ်ဖွဲ့များအကြား ဖြစ်ပွား သည့်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူလူထု အရေအတွက်မှာ ၇၁၇,၀၀၀ ကျော်ရှိလာပြီး အရေး ပေါ်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအများအပြား လိုအပ်နေကြောင်း KNU မှထုတ်ပြန်သည်။ 

- ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ အမြောက်တပ်က ပြည်သူလူထုများနေထိုင်ရာသို့ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်၍ အရပ်သားပြည်သူ တစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။ 

- မြန်မာ့နိုင်ငံရေးအခြေအနေအရ အခုလက်ရှိပုံစံအတိုင်းဆက်နေ၍မရဘဲ တိုင်းပြည် နာနေတာကြောင့် ပဋိပက္ခလျော့ရန် ရပ်ရန်ကို အရင်ဦးစားပေးရမည်ဟု စစ်ကောင်စီနှင့် ပေါင်းနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲချုပ် PNLO နာယကဖြစ်သူ ခွန်ဥက္ကာက ပြောသည်။ 

- နိုင်ငံရေးပြဿနာ၏ အရေးကြီးသည့် အစိတ်အပိုင်းဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရန်လို ကြောင်း စစ်ကောင်စီနှင့် ပေါင်းနေသည့် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုသည်။ 

စစ်ကောင်စီ 

- မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကျင်းပရန် စစ်ကောင်စီက ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

- ပုဂ္ဂလိကလုပ်ငန်းရှင်များထံ နိုင်ငံခြားငွေရောင်းချမှုနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှုများ ပေါ်ပေါက် ပြီးနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် ဦးဆောင်သည့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို ဖျက်သိမ်း ပြီး အသစ်ပြင် ဆင်ဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီက အောက်တိုဘာလ ၁၃ ရက်က ထုတ်ပြန်ခဲ့သည်။ 

- တရုတ်အထူးကိုယ်စားလှယ် တိန်ရှီကျွင်း နှင့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် တို့ နေပြည်တော် ၌ တွေ့ဆုံခဲ့ကြောင်း စစ်တပ်ဝါဒဖြန့်ချိရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 

- ရန်ကုန်မှာ လုပ်ငန်းခွင်ဆက်ဆံရေးမပြေလည်မှုများကြောင့် အလုပ်ရှင်-အလုပ်သမား အငြင်းပွားမှု ၁၅၀ ကို ညှိနှိုင်းဖြေရှင်းခဲ့ရကြောင်း စစ်ကောင်စီ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောသည်။ 

အောက်တိုဘာ ၁၆ ရက် သုံးသပ်ချက် 

-RCSS မှ ဗိုလ်ချုပ်ကြီးရွက်ဆစ်တို့ PNLO နာယကဖြစ်သူ ခွန်ဥက္ကာတို့သည် မြန်မာ့နိုင်ငံရေး ပြဿနာသည် စစ်တပ်ကြောင့် ဖြစ်နေသည်ကို ကောင်းစွားနားလည်ပုံမရဘဲ မင်းအောင်လှိုင်အလိုကျ သံယောင်လိုက် ပြောဆိုနေသည်ကို တွေ့ရသည်။ 

-အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးကာ ပြည်သူများကို သတ်ဖြတ်ကာ ရွာများမီးရှို့နေမှုကြောင့် ပြည်သူထောင်နှင့်ချီ စစ်ဘေးရှောင်နေရပြီး အရေးပေါ်အကူအညီများလိုအပ်နေသည်။ယင်းကြောင့် အရေးပေါ်အကူအညီများ ပေးနိုင်ရန်အတွက် ပြည်သူမှ ပြည်သူသို့ ဆိုသည့်အတိုင်း တတ်နိုင်သည့်ဘက်မှ ထောက်ပံ့ကူညီပေးရန်လို အပ်နေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required