ရပ်စောက်တွင် ပရဟိတလုပ်ငန်းများဆောင်ရွက်သည့် ဆရာတော်ကို စစ်ကောင်စီကဖမ်းဆီးသွားပြီး နောက် အဆက်အသွယ်မရ

By ရောင်နီ (မဇ္ဈိမ)
16 October 2023
ရပ်စောက်တွင် ပရဟိတလုပ်ငန်းများဆောင်ရွက်သည့် ဆရာတော်ကို စစ်ကောင်စီကဖမ်းဆီးသွားပြီး နောက် အဆက်အသွယ်မရ
ပုံအညွှန်း - စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံထားရသည့် ဦးဇင်း သီတင်းသုံးနေထိုင်ခဲ့သည့် ကျောက်ဂူကျေးရွာရှိ ဥတ္တရာရုံကျောင်းတိုက်။ (ပုံ - ပေးပို့)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ပရဟိတလုပ်ငန်းများဆောင်ရွက်နေသည့် ဆရာတော်တပါးကို စစ်ကောင်စီတပ်ဖွဲ့ကဖမ်းဆီးသွားကာ တလနီးပါးကြာလာသည့်အချိန်အထိ အဆက် အသွယ်မရရှိသေးကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

ရပ်စောက်မြို့နယ်၊ အင်တောမြို့နယ်ခွဲ၊ ကျောက်ဂူကျေးရွာရှိ  ဥတ္တရာရုံကျောင်းတိုက်မှ ဆရာတော် ဦးတေဝိန်ဒကို စစ်ကောင်စီတပ်ဖွဲ့က စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဖမ်းဆီးသွားခြင်း ဖြစ်သည်။ 

“ဆရာတော်က သပိတ်ကာလ လှုပ်ရှားမှုတွေကြောင့် နဂိုတည်းက စောင့်ကြည့်ခံရတဲ့ အထဲမှာပါတယ်။ သူက ပရဟိတတွေလည်းလုပ်တော့ စကစတွေ ရဲတွေနဲ့လည်း ရင်းနှီးတယ်။ အဲဒီနေ့က ပြောပြောဆိုဆို ပုံမှန်ဆက်ဆံရေးနဲ့ခေါ်သွားပြီး ကျောင်းထိုင်ဆရာတော်ကို ဖုန်းဆက်လာတာ။ ဖမ်းသွားပြီဆိုပြီးပြော တယ်။ ဘာအကြောင်းပြချက်ကြောင့် ဖမ်းလည်းဆိုတာကိုတော့ မပြောသွားဘူး” ဟု သတင်းရင်းမြစ်က ပြောသည်။

ဖမ်းဆီးခံရသည့် ဆရာတော်ဦးတေဝိန်ဒသည်  သက်တော် ၄၀ ၊ ဝါတော် ၂၀ ရှိပြီး ကျောက်ဂူကျေးရွာရှိ မေတ္တာမွန်လူမှုကူညီရေးအသင်းနှင့် သွေးလှုရှင်အသင်းကို ဦးဆောင်ဖွဲ့စည်းကာ ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းသို့ ပရဟိတလုပ်ငန်းများလုပ်ကိုင်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိပြီး ရပ်ရွာအတွင်း သြဇာလွှမ်းမိုးမှုရှိသည့်ဆရာတော်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မသိရသော်လည်း ရပ်စောက်မြို့နယ်ရဲစခန်းတွင် ချုပ်နှောင်ထားကာ ရိုက်နှက်စစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“ရပ်စောက်ရဲစခန်းမှာ ဖမ်းထားတယ်။ ရဲကစစ်လိုက် ဝင်ရိုက်လိုက်၊ စကစက စစ်လိုက် ဝင်ရိုက်လိုက် အဲဒီလိုတွေ တောက်လျှောက်လုပ်နေတယ်လို့ သိရတယ်။ တွေ့ခွင့်ကတော့ လုံးဝမရသေးဘူး” ဟု ၎င်းက ပြောသည်။ 

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ကဖမ်းဆီးထားသည်မှာ တလနီးပါးကြာမြင့်လာပြီဖြစ်၍ ဆရာတော် ၏ကျန်းမာရေးအခြေအနေနှင့်  အသက်အန္တရာယ်အတွက် ဒေသခံများက စိုးရိမ်နေကြသည်။

“PDF နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံရတာလို့လည်း ပြောကြတယ်။  ဒါပေမယ့် အဲဒီလို ပတ်သက်တယ်ဆိုတဲ့ အထောက်အထားမျိုး  ဦးဇင်းဆီမှာ မရှိပါဘူး။ ရွာနဲ့လည်း အားလုံးအဆင်ပြေတယ်။ ဒီဘက် (ရပ်စောက် မြို့နယ်အတွင်း)မှာတော့ အခုလို ရဟန်းတပါးအနေနဲ့ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရတာ ပထမဆုံးပါ” ဟု ကျောက်ဂူဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က ဆရာတော်သီတင်းသုံးနေထိုင်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းကို ဆက်လက်စောင့်ကြည့်မှုများရှိနေပြီး ကျောက်ဂူကျေးရွာအုပ်စုအတွင်းမှ ထမင်းပေါင်း၊ ပုန်းအင်း၊ ကျောက်မီးခတ်၊ ဖက်ရင်းကုန်း စသည့်ကျေးရွာများတွင် နေ့စဥ်ကင်းလှည့်ခြင်းများ ရှိနေသည်ဟု  ၎င်းကပြောသည်။

ထို့ပြင် အဆိုပါကျေးရွာများရှိ ဒေသခံများကို ရပ်ဝေးခရီးသွားလာခြင်းပိတ်ပင်ထားကာ ရွာအဝင် အထွက် များတွင်လည်း တင်းကြပ်စွာစစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း ၎င်းကဆက်ပြောသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ပင်းတယနှင့် ရွာငံမြို့နယ်များတွင် ယခုနှစ်ဇူလိုင်လမှစတင်ပြီး  ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများ ပြန် လည် အားကောင်းလာခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီတပ်က အဆိုပါ မြို့နယ်များအတွင်း လုံခြုံရေးအင်အား တိုးမြှင့်ချထားကာ  စစ်ဆေးမှုများ တင်းကြပ်ခြင်း၊ ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့ကလည်း ရွာငံမြို့နယ်၊ ရေချမ်းကျေးရွာမှ အမျိုးသမီးနှစ်ဦးကို  စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

#ရှမ်းပြည်နယ်
#ရပ်စောက်မြို့နယ်
#ဖမ်းဆီးမှု
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required