တုုိင်းရင်းသား လူမျိူးများ ဖက်ဒရယ်ကောင်စီ(UNFC) တိုးချဲ့အရေးပေါ်အစည်းအဝေးပြီးစီး

တုုိင်းရင်းသား လူမျိူးများ ဖက်ဒရယ်ကောင်စီ(UNFC) တိုးချဲ့အရေးပေါ်အစည်းအဝေးပြီးစီး

ချင်းမိုင်၊ဧပြီ ၂၂ ။         ။ အစိုးရသစ်နှင့် ငြိမ်းချမ်းရေး ဆက်လက် ဆွေးနွေးသွားရန်အတွက် ညီညွတ်သော တိုင်းရင်းသား လူမျိူးများ ဖက်ဒရယ်ကောင်စီ (UNFC) ဗဟိုအလုပ်အမှုဆောင် တိုးချဲ့အရေးပေါ် အစည်းအဝေးကို ဧပြီ ၁၉ ရက်မှ ၂၂ ရက်ထိ လေးရက်ကြာ ကျင်းပခဲ့ပြီး ဖြစ်သည်။

ယင်း အစည်းအဝေးတွင် အစိုးရ သစ်တက်လာပြီးနောက် နိုင်ငံရေး အခြေအနေများ သုံးသပ်ရန်၊ UNFC မှ ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DNP) လုပ်ငန်းများကို ပြန်လည် သုံးသပ်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရက ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေရေးလုပ်ငန်းအား ဦးစားပေးလုပ်ဆောင်ရန် ပြောကြားထားသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှလည်း ကြိုဆင် ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း UNFC ၏ အထွေထွေအတွင်းရေးမှူး ခူဦးရယ်က သတင်းထောက်များကို ပြောသည်။

" ပြင်ဆင်နိုင်ဖို့အတွက် လိုအပ်မဲ့ အကြောင်းအရာတွေ၊ အခြေခံမူလေးတွေ ချပေးရုံလောက်ဘဲ ရှိတာပေါ့နော်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သွားရမဲ့အဆင့်တွေကတော့ လုပ်ရိုးလုပ်ဆင်လိုဘဲ ပြောလို့ရမလား မသိဘူး။ ကျွန်တော်တို့ စစ်ရေး ပဋိပက္ခကိုတော့ ပထမ ရပ်တန့်လိုက်ပေါ့နော်။ ပြီးရင်တော့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေးဖြစ်ပေါ်အောင်တော့ ညှိနှိုင်းဆွေးနွေးကြရမှာပေါ့။ ဖြစ်လာနိုင်ခြေရှိတဲ့ဟာတွေကို ကျွန်တော်တို့ဘက်က ပြင်ဆင်ဖို့လိုတယ်ဆိုတဲ့ အခြေခံလေးတော့ရှိပါတယ်”ဟု ခူဦးရယ်က ပြောသည်။

အဓိကအားဖြင့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး ၊ တိုက်ပွဲရပ်တန့်ရေးအပါအဝင် လူထု၏ အခြေခံ လိုအပ်မှုများကို ပါဝင်သွားနိုင်ရန် ထည့်သွင်းဆွေးနွေးခဲ့သည်ဟု သူက ပြောသည်။

“အထူးသဖြင့် ပြောစရာရှိတာက တစ်နိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေးပြောမှတော့ တစ်နိုင်ငံလုံးမှာ စစ်သံတွေ ရပ်စဲရမှာပေါ့။ အခုက အဲဒီလို မဖြစ်ဘူးလေ။ ဒါက အဓိက အခြေခံဘဲ ဒါကြောင့် ကျွန်တော်တို့ အန်စီအေနဲ့ပတ်သက်လို့ သင်ခန်းစာမျိုးကို အခြေခံထားပြီးတော့ အန်စီအေကို လက်မှတ် မထိုးသေးတဲ့ UNFCအဖွဲ့ဝင်မှမဟုတ်ဘူး။ မပါတဲ့အဖွဲ့တွေ အားလုံး အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး အတူတူသွားနိုင်မလဲဆိုတဲ့ အခြေခံစဉ်းစားချက် ကျွန်တော်တို့မှာ ရှိပါတယ်”ဟု သူက ပြောသည်။

ထို့ပြင် ရက္ခိုင်တပ်မတော်(AA) နှင့် ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)တို့ ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်(ULA/AA) အဖြစ်ပေါင်း စည်းနိုင်ရေးအတွက် UNFC ကိုယ်စားလှယ်အဖွဲ့က ဆောင်ရွက်နေဆဲ ဖြစ်သလို၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) တို့အကြား ကြားဝင် ညှိနှိုင်းဆွေးနွေးမည့် နေရာနှင့် အချိန်အား ညှိနှိုင်းဆွေးနွေးနေဆဲ ဖြစ်သည့် အခြေအနေများကိုလည်း တင်ပြဆွေးနွေးခဲ့သည်ဟု သူက ဆိုသည်။
 
UNFC မှ အဖွဲ့ဝင် ၉ ဖွဲ့မှ ၂ ဦးဆီဖြင့် ဖွဲ့စည်းထားသော DNP ကိုယ်စားလှယ်အဖြစ် AA အဖွဲ့ဝင် တစ်ဦးအား လက်ခံရန် ဆုံးဖြတ်ခဲ့သည်ဟု ခူဦးရယ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required