စစ်ကောင်စီ၏ လက်နက်ပွဲစားဆိုသူ ပစ်ခတ်ခံရပြီးနောက် ရန်ကုန်တွင် လုံခြုံရေးတိုးမြှင့်လာ

By ဂန္ဒမာ(မဇ္ဈိမ)
04 October 2023
စစ်ကောင်စီ၏ လက်နက်ပွဲစားဆိုသူ ပစ်ခတ်ခံရပြီးနောက် ရန်ကုန်တွင် လုံခြုံရေးတိုးမြှင့်လာ

စစ်ကောင်စီ၏လက်နက်ပွဲစားဆိုသူ စီးပွားရေးလုပ်ငန်းရှင် ဦးဥာဏ်လွင်အောင် ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် ရန်ကုန်တွင် လုံခြုံရေးတိုးမြှင့်လာကြောင်း ဒေသခံများကပြောသည်။

အောက်တိုဘာလ ၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် ၁၇ လမ်းနှင့် ၁၈ လမ်းကြား၊ အနော်ရထာလမ်းမပေါ်ရှိ ထမင်းကြော်ဆိုင်တဆိုင်၌ စစ်ကောင်စီ၏လက်နက်ပွဲစားဆိုသူ ဦးဉာဏ်လွင်အောင်အား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Urban Owls အဖွဲ့က ထုတ်ပြန်ထားသည်။

“သူအပစ်ခံရပြီးနောက် စစ်သားတွေ ကင်းလှည့်လာတယ်။ အရင်က ရဲတွေလောက်ပဲ ကင်းလှည့်တာ။ Double Cab နဲ့ နောက်ခန်းထဲအပြည့်လိုက်ပြီး တလမ်းဝင် တလမ်းထွက် ကင်းလှည့်နေတာတွေ့ရတယ်” ဟု လမ်းမတော်မြို့နယ်တွင် နေထိုင်သူတဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်သားများ အပြည့်လိုက်ပါ၍ လှည့်လည်နေခြင်းဖြစ်ပြီး ယခင်ရက်များထက် အင်အားပိုသုံး ပြီး ကင်းလှည့်နေသည်ကိုတွေ့ရကြောင်းလည်း ၎င်းကပြောသည်။

“နောက်ခန်းကခပ်ကျဥ်းကျဥ်းလေး၊ ထိုင်လို့ရရင် တဖက်လေးယောက်လောက်ပဲ ထိုင်လို့ရမယ်။ အခုက တစ်ဖက်ငါးယောက်စီ ကြပ်ကြပ်တည်းတည်းထိုင်ပြီး ကင်းလှည့်နေတဲ့အနေအထားမျိုး။ ခါတိုင်းဆို ကား ထဲမှာ ရဲလေးယောက်လောက်ပါတယ်။ အပြင်ကို သေနတ် အရံသင့်ချိန်ထားတာ။ အခု ကားအထဲမှာ စစ်သားတွေပြည့်ကြပ်အောင်ထိုင်နေတဲ့အနေအထားမျိုးနဲ့ သေနတ်ထောင်ပြီး ကိုင်ထားတာတွေ့ရတယ်” ဟု အခြားဒေသခံတဦးက ပြောသည်။

စစ်ကောင်စီ၏လက်နက်ပွဲစားဆိုသူအား ပစ်ခတ်မှုဖြစ်ပွားသည့် ဆိုင်တန်းနေရာသည် ညပိုင်းအချိန်များ၌ သာ ဖွင့်လှစ်ရောင်းချသည့်ဆိုင်များဖြစ်သည်ဟု ဒေသခံများကပြောသည်။

“အဲ့ဒီဆိုင်တွေက ညနေပိုင်းမှလာဖွင့်တဲ့ဆိုင်တွေပါ။ သာမန်လူတန်းစားတွေ အဲဒီဆိုင်တွေမှာ မစားနိုင် ဘူး။ ဘာလို့လဲဆိုတော့ တခြားဆိုင်တွေထက် စျေးကြီးလို့ပါ။ ဒါပေမယ့် ဒီဆိုင်တွေမှာ ထိုင်ကြတဲ့သူတွေ များပါတယ်။ လမ်းဘေးဆိုင်ဆိုပေမယ့် ကားစီးနိုင်တဲ့သူတွေပဲ ထိုင်တာများတယ်။

အနော်ရထာလမ်းမ ပေါ်မှာပဲ ဖွင့်တဲ့ဆိုင်တွေပါ။ လတ်တလော အလာကျဲသွားတယ်ကြားတယ်” ဟု နောက်ထပ်ဒေသခံတဦး က ဆိုသည်။

ရန်ကုန်တိုင်းအတွင်းမှ မြို့နယ်အချို့တွင် အောက်တိုဘာလ ၃ ရက်နေ့မှစတင်ပြီး လုံခြုံရေးတိုးမြှင့်ချထား လာပြီး စျေးရှေ့၊ စာသင်ကျောင်းရှေ့များ၌ ကားရပ်ကာ လမ်းသွားလမ်းလာများကို စောင့်ကြည့်ခြင်းများ ပြုလုပ်သည့်အပြင် ယခင်က နံနက်ပိုင်း၊ နေ့လယ်ပိုင်းနှင့် ညနေပိုင်းအချိန်များ၌သာ ကင်းလှည့်သည်ကို တွေ့ရပြီး လတ်တလော၌ အကြိမ်ရေတိုးမြှင့်ပြုလုပ်လာကြောင်း သိရသည်။

“စမ်းချောင်းကတော့ ကင်းလှည့်တဲ့အင်အားတိုးလာတယ်။ ကြည့်မြင်တိုင်ဘူတာဘက်မှာ နေ့ရောညပါ လုံခြုံရေးရှိနေတာ။ ဗားကရာချောက်က ကင်းတဲမှာလည်း လူတိုးလာတယ်” စမ်းချောင်းမြို့နယ်မှ ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

လှိုင်မြို့နယ်တွင်လည်း အောက်တိုဘာလ ၂ နေ့ညပိုင်းက ပေါက်ကွဲမှုဖြစ်ထားခြင်းကြောင့် လှည့်ကင်းများ ရှိသလို အင်းစိန်လမ်း အုတ်ကျင်းမှတ်တိုင်အနီးတွင်လည်း ညဘက်၌ လမ်းနှစ်ဖက်လုံးမှတားပြီး စစ်ဆေး နေကြောင်း သိရသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required