မင်းတပ်နှင့် မတူပီမြို့ပေါ်မှ ကုန်သည်အချို့နှင့် ကုန်စုံဆိုင်များကို စစ်‌ကောင်စီ ခေါ်ယူစစ်ဆေး

By မဇ္ဈိမ 
28 September 2023
မင်းတပ်နှင့် မတူပီမြို့ပေါ်မှ ကုန်သည်အချို့နှင့် ကုန်စုံဆိုင်များကို စစ်‌ကောင်စီ ခေါ်ယူစစ်ဆေး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နှင့် မတူပီမြို့နယ်အတွင်းရှိ  ကုန်စုံဆိုင်နှင့် ကုန်သည်အချို့ကို စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စည်ပင်ဝန်ထမ်းများက ခေါ်ယူစစ်ဆေးမှုများရှိနေကြောင်း သိရသည်။

စက်တင်ဘာလ ၂၆ ရက်နေ့က  မတူပီမြို့ပေါ်ရှိဆိုင်ခန်းများကို စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စည်ပင် ဝန်ထမ်းများက ဝင်ရောက်စစ်ဆေးခဲ့ပြီး မင်းတပ်မြို့တွင်လည်း ကုန်သည်အချို့ကို ခေါ်ယူစစ်ဆေးခြင်း များရှိကြောင်း သိရသည်။

“တနေ့က မင်းတပ်ဆောက်လုပ်ရေးဝင်းနားမှာရှိတဲ့ ဆန်၊ ဆီ၊ ကုန်ခြောက်ရောင်းတဲ့ ကုန်သည်တယောက် နဲ့ အရက်၊ အချိုရည်ရောင်းတဲ့ ကုန်စုံဆိုင်ကအမျိုးသားတဦးကို စစ်ဆေးစရာရှိလို့ဆိုပြီး ရဲတွေလာခေါ် သွားတယ်” ဟု ခေါ်ယူစစ်ဆေးခံရသည့်ကုန်သည်နှင့် ဆွေမျိုးနီးစပ်သူတဦးက ပြောသည်။

“ကုန်စုံဆိုင်တွေကိုစစ်တယ်ဆိုတာ မြို့ပေါ်ကို ဘယ်လိုသယ်လာတာလည်းဆိုတာ သိချင်လို့မေးတာ။ ဘာ လို့လည်းဆိုတော့ စစ်တပ်အတွက် စားသောက်ကုန်တွေကို ပခုက္ကူကနေသယ်ရင် လူငယ်တွေ (ဒေသခံ ကာကွယ်ရေးတပ်)က ဘယ်သူ့ပစ္စည်းလဲမေးပြီး လမ်းတဝက်နေ သိမ်းတာရှိတယ်။ မြို့ပေါ်က ကုန်သည် တွေရဲ့ပစ္စည်းတွေကျတော့ လူငယ်တွေက လွှတ်ပေးတယ်လေ၊ အဲဒီတော့ မင်းတို့ကုန်သည်တွေ PDF တွေ နဲ့အဆက်အသွယ်ရှိ တယ်ဆိုပြီး ပြောဆိုတာတွေရှိတယ်။ စစ်လား၊ ဆေးလားတွေလုပ်တာပေါ့” ဟု မတူပီ မြို့ခံတဦးက ပြောသည်။

မတူပီမြို့ အဝင်အထွက်ကို စစ်ကောင်စီကကန့်သတ်ထားပြီး နယ်ဘက်အဝင်အထွက်များ၊ လမ်းကြောင်း များကို မတူပီဒေသခံကာကွယ်ရေးတပ်ဖွဲ့များ(CDF)က ထိန်းချုပ်ထားကြောင်း သိရသည်။

မတူပီမြို့မှ ခရီးသည်ယာဉ်လိုင်းများအနေဖြင့် ပခုက္ကူ-မင်းတပ်-မတူပီလမ်းကြောင်းကိုပြန်လည် အသုံးပြု နေရပြီး မြို့အဝင် လည်မြိုချောင်းအနီးတွင် ကားအားလုံးရပ်နားရကာ ခရီးသည်နှင့် ပစ္စည်းများကို မြို့ပေါ် သို့ သုံးဘီးဆိုင်ကယ်ဖြင့် တဆင့်သယ်ယူနေရကြောင်းနှင့် လိုင်းကားတစီးထွက်ခွာမည်ဆိုပါက စစ်ဗျူဟာ ထံ အကြောင်းကြားစာနှင့်အတူ ဒီဇယ် ငါးဂါလံပေးရကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required