ရုရှားအသင်းများပါဝင်သည့် UEFA ပြိုင်ပွဲအားလုံးကို သပိတ်မှောက်မည်ဟု ယူကရိန်း ပြော

By AFP
27 September 2023
ရုရှားအသင်းများပါဝင်သည့် UEFA ပြိုင်ပွဲအားလုံးကို သပိတ်မှောက်မည်ဟု ယူကရိန်း ပြော

ယူကရိန်းဘောလုံးအသင်းတွေဟာ ရုရှားအသင်းတွေပါဝင်တဲ့ ပြိုင်ပွဲအားလုံးကို သပိတ်မှောက်မှာဖြစ်ကြောင်း ၎င်းတို့ရဲ့ အဖွဲ့ချုပ်က UEFA မှ ရုရှားလူငယ်အသင်းကို နိုင်ငံတကာပြိုင်ပွဲတွေမှာ ပြန်လည်လက်ခံမှုကို တုံ့ပြန်တဲ့အနေနဲ့  ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

"ရုရှားအသင်းတွေပါဝင်တဲ့ မည်သည့်ပြိုင်ပွဲတွင်မဆို UAF မှ ပါဝင်မှာ မဟုတ်ကြောင်း အတည်ပြုပါတယ်"လို့ ၎င်းက ပြောပါတယ်။

ရုရှားအသင်းတွေနဲ့ ယှဉ်ပြိုင်မယ့် ပွဲတွေကို သပိတ်မှောက်ဖို့ တခြားသော UEFA အဖွဲ့ဝင်တွေကိုလည်း ၎င်းက တောင်းဆိုခဲ့ပါတယ်။

ယူကရိန်းမှာ မော်စကိုရဲ့ ထိုးစစ်ဆင်မှုကို တုံ့ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ်က ဥရောပဘောလုံးအဖွဲ့ချုပ်က ရုရှားအသင်းအားလုံးကို ပြိုင်ပွဲကနေ လျင်မြန်စွာ တားမြစ်ခဲ့ပေမယ့်လည်း အင်္ဂါနေ့က ရုရှားနိုင်ငံလက်ရွေးစင် ယူ-၁၇ အသင်းကို ပြန်လည်လက်ခံခြင်းဖြင့် တားမြစ်ချက်ကို ဖြေလျှော့ပေးခဲ့ပါတယ်။

"ရုရှားနိုင်ငံမှ ယူ-၁၇ အသင်းကို နိုင်ငံတကာပြိုင်ပွဲတွေဆီ ပြန်လာဖို့ UEFA ရဲ့ ဆုံးဖြတ်ချက်ကို ယူကရိန်းဘောလုံးအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။"လို့ UAF က အင်္ဂါနေ့နှောင်းပိုင်းက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အဆိုပါဆုံးဖြတ်ချက်ကို ကြေညာရာမှာ UEFA က “အသက်မပြည့်သေးသူ မျိုးဆက်တွေ”ဟာ ယှဉ်ပြိုင်ခွင့်ကို ဆုံးရှုံးနေပြီး လူကြီးတွေရဲ့ လုပ်ရပ်အတွက် ကလေးများကို အပြစ်ပေးသင့်တယ်လို့ စောဒကတက်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ရုရှားအသင်းတွေဟာ ရုရှားပိုင်နက်မှာ မကစားခွင့်မရှိဘဲ နိုင်ငံရဲ့ အလံ၊ နိုင်ငံတော်သီချင်းနဲ့ အမျိုးသားအားကစားဝတ်စုံကို ပိတ်ပင်ထားမယ်လို့ ၎င်းက ဆိုပါတယ်။

ယူကရိန်းဟာ ရုရှားကို နိုင်ငံတကာအားကစားပြိုင်ပွဲတွေကနေ ပိတ်ပင်ဖို့ အကြိမ်ကြိမ် တောင်းဆိုထားပြီး  ရုရှားနဲ့ ဘီလာရုအားကစားသမားတွေ ပါဝင်ပါက ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်မယ်လို့ သတိပေးထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required