"အကြမ်းဖက်နှိမ်နင်းမှုကြား လူထုသပိတ်​တွေ ဘာ့ကြောင့် ဆက်ရှိနေလဲ"

"အကြမ်းဖက်နှိမ်နင်းမှုကြား လူထုသပိတ်​တွေ ဘာ့ကြောင့် ဆက်ရှိနေလဲ"
ဝက်လက်မြို့နယ်လူထုသပိတ်ခေါင်းဆောင် လွင်မိုးသန့်

အာဏာသိမ်းမှုကို သပိတ်မှောက်ဆန္ဒပြလို့ ထောင်ကျခဲ့တဲ့ ကိုလွင်မိုးသန့်ဟာ ထောင်ကထွက်လာတဲ့အခါမှာလည်း လူထုသပိတ်တွေကို ဦးဆောင်ပြီး လမ်းပေါ်ပြန်တက်လာပါတယ်။ လမ်းပေါ်တက် ဆန္ဒပြတာကို အကြမ်းဖက် ဖြိုခွဲတာ၊ ဥပဒေမဲ့ ပစ်သတ်တာ၊ ရိုက်နက် ဖမ်းဆီးတာ၊ ထင်သလိုတရားစီရင်တာတွေဟာ မြန်မာ့နွေဦးတော်လှန်ရေးမှာ ရေတွက်လို့မရနိုင်အောင် များလွန်းပါတယ်။ 

လက်သုံးချောင်းထောင်ရုံ၊ ဆိုင်းဘုတ်ကိုင်ရုံ၊ သံပုံးတီးရုံ၊ မီးမှိတ်ရုံ၊ ဆိုင်ပိတ်ရုံ၊ တိတ်ဆိတ်နေရုံ၊ ပန်းပန်ရုံနဲ့တင် အသက်သေနိုင်လောက်အောင် နှိပ်ကွပ်ခံနေရတဲ့ မြန်မာပြည်သူတွေဟာ အကြမ်းမဖက်သပိတ်တွေနဲ့ ဘာ့ကြောင့်များ ဒီနေ့ချိန်ထိ အာဏာရှင်ကို ဆက်တိုက်နေရတာပါလဲ။

ကိုလွင်မိုးသန့်က အခုလိုမြင်ပါတယ်။

“လူထုလှုပ်ရှားမှုတွေက နိုင်ငံတကာကို ပြသဖို့အတွက်ရော၊ ပြီးတော့ ပြည်သူလူထုတွေ တော်လှန်ရေးမှာ ပိုပြီး အားစိုက်ဖို့၊ တော်လှန်ရေးနဲ့ အဆက်ပြတ်မသွားဖို့ပါ။ ဒါက သိပ်အရေးကြီးတယ်။  လူထုသပိတ်တွေ လိုကို လိုအပ်တယ်။” 

ကိုလွင်မိုးသန့်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဆန္ဒပြကန့်ကွက်ကြတဲ့အခါ  မုံရွာ လူထုသပိတ် ဦးဆောင်ကော်မတီမှာ တကသများ အင်အားစုအနေနဲ့ ပါဝင်ခဲ့ပြီး မုံရွာသပိတ်တွေကို ပထမဆုံး အကြမ်းဖက်ဖြိုခွဲတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းက အဖမ်းခံခဲ့ရပါတယ်။ ထောင်ဒဏ်နှစ်နှစ် ချခံရပြီး မုံရွာထောင်နဲ့ မြင်းခြံထောင်မှာ ၂၁ လကြာ နေခဲ့ရပြီးတဲ့နောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာမှာ ထောင်က ပြန်လွတ်လာသူပါ။ ထောင်ကလွတ်တာနဲ့ ဇာတိမြေကိုပြန် ပြီးတော့ ဝက်လက်မြို့နယ် လူထုသပိတ်ကော်မတီမှာ ဦးဆောင်ပါဝင်ပြီး သပိတ်တိုက်ပွဲတွေ ဆက်လုပ်နေပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးကို ပြန်ကြည့်ရင် လက်ရှိအခြေအနေဟာ လက်နက်အားကိုး အကြမ်းဖက် အာဏာရှင်ကို လက်နက်နဲ့ ပြန်အံတုနိုင်တဲ့ အခြေအနေ ရောက်နေပါပြီ။ ဒါကြောင့်လည်း တော်လှန်ရေး မြန်မြန်အောင်ဖို့ အကြမ်းမဖက် လူထုသပိတ်တွေအစား လက်နက်ကိုင်လမ်းကိုသာ ပိုပြီးအားထည့်ရမှာလို့ ဆိုသူတွေ ရှိလာသလို အကြမ်းဖက် ဖြိုခွဲမှုတွေကြောင့် လူထုကြားမှာလည်း သပိတ်တွေအပေါ် အာရုံစိုက်မှု လျော့ကျတာမျိုး တွေ့လာရပါတယ်။

လမ်းပေါ်သပိတ်တွေနဲ့ မရတော့လို့ လက်နက်ကိုင်လမ်းကို ရွေးပြီးမှတော့ သပိတ်တွေ ဆက်လုပ်နေဖို့ လိုပါသေးရဲ့လား၊ အကြမ်းမဖက် ဆန္ဒပြ ကန့်ကွက်တာကို အာဏာရှင်က အပြင်းအထန် အကြမ်းဖက် ဖြိုခွဲနေတဲ့ကြားထဲ လမ်းပေါ်တက် ဆန္ဒပြတာက ပေးဆပ်ရတာနဲ့ ရရှိတာ ထိုက်တန်ပါသေးရဲ့လား စတဲ့မေးခွန်းတွေ မေးစရာဖြစ်လာပါတယ်။

တဘက်မှာလည်း လူထုသပိတ်တွေဟာ ပြောက်ကျားစနစ်နဲ့ အခွင့်သာရင် သာသလို တနိုင်ငံလုံး အတိုင်းအတာနဲ့ကြည့်ရင် ရက်မပျက်အောင် ထွက်နေဆဲပါ။ ဒီတော့ သပိတ်တိုက်ပွဲတွေနဲ့ တော်လှန်ရေးလမ်းကြောင်း ဒီနေ့အထိ ဘာကြောင့်ဆက်ရှိနေတာပါလဲ၊ လူထုသပိတ်တွေရဲ့ အခန်းကဏ္ဏ ဘယ်လောက် အရေးပါနေပါသေးသလဲ။

 

'ဒူးမထောက်ဘူး၊ သွေးမအေးဘူး'

သပိတ်တွေဟာ အကြမ်းဖက် ဖြိုခွင်းခံရပေမယ့် အဆုံးသတ်မသွား၊ ပျောက်မသွားပါဘူး။ ဒါပေမဲ့ လမ်းပေါ်မှာ အင်နဲ့အားနဲ့ ထွက်မရသလို နေရာဒေသစုံမှာလည်း လုပ်မရဖြစ်နေပြန်ပါတယ်။ ဒါကြောင့်လည်း သပိတ်တွေ အားမကောင်းတော့ နိုင်ငံတကာကရော ဂရုစိုက်မိပါ့မလားဆိုတဲ့ မေးခွန်းတွေ လူထုကြားမှာ ရှိလာပြန်ပါတယ်။ 

အဲဒီလို ဝေဖန်မှုတွေနဲ့ ပတ်သက်လို့တော့ ဆားလင်းကြီး - ယင်းမာပင် ကျေးရွာပေါင်းစုံ သပိတ်ကော်မတီကို ဦးဆောင်သူ ကိုလွမ်းသူက “တော်လှန်ရေးမှာ အဟုန်ဆိုတာရှိတယ်။ ရန်သူက အရမ်းဖိစီးနှိပ်စက်တဲ့အခါမှာ အဟုန်ကျသွားမယ်။ သို့သော် အဲဒီအဟုန် လုံးဝသေမသွားမှသာလျှင် အရှိန်ထပ်တင်လို့ရမှာ ဖြစ်တယ်။ ဒီတော့ လက်ရှိမှာလည်း  ပြည်ပရောက်မြန်မာတွေရော၊ ပြည်တွင်းက တော်လှန်ရေးအင်အားစုတွေရောက လူထုလှုပ်ရှားမှုတွေကို ဆက်ထိန်းထားနိုင်တယ်။ အဲဒါကိုလည်း နိုင်ငံတကာက အသိမှတ်ပြုတယ်။ အသိအမှတ်ပြုတဲ့အတွက်လည်း ယနေ့ချိန်ထိ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာက သိသိသာသာ မျက်နှာသာပေး ဆက်ဆံတာမျိုး ရှိမနေတာကို တွေ့ရတယ်” လို့ သုံးသပ်ပြပါတယ်။

အကြမ်းဖက်ဖိနှိပ်မှုတွေကြားမှာပဲ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ကလေး စတဲ့မြို့တွေမှာ ပြောက်ကျားသပိတ်တွေ မကြာခဏ ထွက်လာမြဲဖြစ်သလို ကျေးလက် ဒေသတွေမှာတော့ စစ်ကိုင်းတိုင်းဘက်မှာဆို ယင်းမင်ပင်၊ ဆားလင်းကြီး၊ ပုလဲ၊ ကနီ၊ ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက်၊ မုံရွာ၊  ကလေး၊ မြောင်၊ မကွေးတိုင်းဘက်မှာဆို မြိုင် နဲ့ ပေါက် ၊ တနင်္သာရီတိုင်းဘက်မှာဆို ထားဝယ်၊ လောင်းလုံ စတဲ့နယ်တွေက လူထုသပိတ်တွေကို အွန်လိုင်းနဲ့ ရုပ်သံလိုင်းတွေမှာ အဆက်မပြတ်တွေ့နေရပါတယ်။

ကိုလွင်မိုးသန့်ရဲ့ အမြင်မှာတော့ သပိတ်တွေဟာ နိုင်ငံရေးနိုးကြားမှု၊ တက်ကြွမှုရဲ့ အမှတ်လက္ခဏာဖြစ်သလို နယ်မြေအသာစီးရတဲ့ ဒေသတွေမှာ သပိတ်တွေ ဆက်တိုက်ထွက်ပေးနေတာကနေ တနိုင်ငံလုံးက ပြည်သူတွေကို တော်လှန်ရေးနိုးကြားမှု ရှိစေမယ်လို့ ဆိုပါတယ်။ 

“အခုလို ဒေသအလိုက် လူထုသပိတ်တွေကနေ တနိုင်ငံလုံးအတိုင်းတာနဲ့ ရရင်ရသလို သပိတ်တွေ လုပ်လာကြရင် နောက်ထပ် တနိုင်ငံလုံး လူထုလှုပ်ရှားမှု လှိုင်းလုံးကြီးတခု ပေါ်လာပြီး တော်လှန်ရေး မြန်မြန်ပြီးနိုင်မယ်။ ဒါမှမဟုတ် ကြီးမားတဲ့ အရွေ့တခုကို ရောက်နိုင်မယ်” လို့ ကိုလွင်မိုးသန့်က ပြောပါတယ်။ 

နေရာဒေသအလိုက် လှုပ်ရှားနေကြတဲ့ လူထုသပိတ်ကော်မတီတွေကြားမှာ စစ်ကောင်စီ သိစေချင်တဲ့ အဓိက ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး တူညီမှုရှိပါတယ်။ အဲဒါကတော့ ပြည်သူလူထုဟာ အာဏာရှင်အောက် လုံးဝ ဒူးမထောက်ဘဲ ဆန့်ကျင်နေဆဲ ဆိုတာနဲ့ ပွဲမပြီးမချင်း သွေးမအေးဘူး ဆိုတာပါပဲ။

 

'တော်လှန်ရေးသတိ၊ နိုင်ငံရေးအသိ'

လူထုသပိတ်တွေမှာ လမ်းလျှောက်ချီတက်တာတွေအပြင် အထိုင်သပိတ်နဲ့အတူ သပိတ်တရားတွေဟောပြီး လူထုကို တော်လှန်ရေးသတိ၊ နိုင်ငံရေးအသိတွေ မျှဝေနိုင်ခြင်းဟာ ထိရောက်တယ်လို့ သပိတ်ဦးဆောင်သူတွေက သုံးသပ်ကြပါတယ်။ အာဏာသိမ်းမှုကို ပါတီတခုနဲ့ စစ်တပ်ကြားက ပြဿနာအဖြစ် စစ်ကောင်စီနဲ့ သူ့ရဲ့လော်ဘီတွေက ပုံဖော်ဖို့ တောက်လျှောက် ကြိုးစားလာတဲ့အပေါ် လူထုက လက်မခံတဲ့အချက်က ထင်သာမြင်သာ ရှိလှပါတယ်။ 

အာဏာရှင်ရဲ့ ဝါဒမှိုင်း၊ မြန်မာ့အရေး နိုင်ငံတကာရဲ့သဘောထားတွေအပြင် သတင်းအချက်အလက်နဲ့ တော်လှန်ရေး၊ နိုင်ငံရေး အရွေ့တွေကို သပိတ်တွေကနေတဆင့် လူထုကို အသိသုတ မျှဝေနေကြတာလည်း ရှိပါတယ်။

“လူထုရဲ့ တော်လှန်ရေး၊ နိုင်ငံရေးအသိ မြင့်လေလေ အောင်ပွဲနီးလေလေ ဖြစ်မှာပါပဲ။ ဒီတော့ လူထုသပိတ်တွေမှာ လူထုကို တော်လှန်ရေးသတိ၊ နိုင်ငံရေးအသိတွေမျှဝေဖို့က သိပ်အရေးကြီးပါတယ်” လို့ ကိုလွင်မိုးသန့်က ပြောပါတယ်။

သပိတ်တွကနေ လူထုကို အသိပညာပေးတာ၊ လူထုပူးပေါင်းပါဝင်မှုအားကောင်းလာအောင် စည်းရုံးနိုင်တာတွေကလည်း တော်လှန်ရေးကို အားကောင်းစေတဲ့ အချက်တချက်ဖြစ်ပါတယ်။ စစ်ကောင်စီယန္တရား လည်ပတ်နိုင်ခြင်းမရှိတဲ့ အညာဒေသက နေရာတွေမှာဆိုရင် စစ်တပ်ထုတ်ကုန်တွေကို ဆန့်ကျင်တာ၊ စစ်တပ်ဝင်ငွေ ရပေါက်ရလမ်းတွေကို ပိတ်ပင်နိုင်တာတွေဟာ လူထုကို အသိပညာပေးတွေကနေ ရလာတဲ့ အကျိုးဆက်တွေပါပဲ။

တော်လှန်ရေးပန်းတိုင် အရောက်ချီရေးမှာ လူထု အသိပညာပေးနိုင်မှုက အရေးပါကြောင်း လောင်းလုံသပိတ်ကော်မတီဝင် တဦးဖြစ်တဲ့ ကိုမင်းလွင်ဦးက ရှင်းပြပါတယ်။

“လက်နက်မဲ့ လူထုတိုက်ပွဲမှာ နည်းနာအများကြီးရှိပါတယ်။ ဒီတော့ လူထုကို တော်လှန်ရေးစိတ်တွေ နိုးကြားနေအောင် လူထုစည်းရုံးရေးလုပ်ကြတယ်။ ပြီးတော့ ကျနော်တို့အားလုံးရဲ့ အန္တိမ ရည်မှန်းချက်ဆိုတာ ဘာလဲ။ အမျိုးသားတန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတာဘာလဲ၊ နောက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုတာ ဘာလဲဆိုတာကို လူထုကြားမှာ သပိတ်တွေကနေ တောက်လျှောက်ပြောနေတယ်” လို့ ကိုမင်းလွင်ဦးက ဆိုပါတယ်။

ကိုမင်းလွင်ဦးဟာ နိုင်ငံ့ဝန်ထမ်းအဖြစ်ကနေ CDM လုပ်ပြီး အာဏာသိမ်းစ အစောပိုင်းကာလ ထားဝယ် လူထုသပိတ်တွေမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့သလို လက်ရှိ လောင်းလုံသပိတ်ကော်မတီမှာလည်း လူထုစည်းရုံးရေး ဆပ်ကော်မတီတာဝန်ခံအဖြစ် ဆောင်ရွက်ပြီး သပိတ်တွေ ဆက်ထွက်နေသူပါ။

လက်ရှိ လူထုသပိတ်တွေ အားကောင်းကောင်းထွက်နိုင်တဲ့ နေရာတွေဟာ စစ်ကောင်စီထိန်းချုပ်နိုင်မှု မရှိတဲ့နေရာတွေ ဖြစ်သလို တဘက်ကကြည့်ရင်လည်း တိုက်ပွဲတွေ အဆက်သိပ်မပြတ်တဲ့ ဒေသတွေ ဖြစ်နေပြန်ပါတယ်။ အဲသလိုဒေသတွေမှာ ရန်သူအာဏာရှင်ကို အနုနည်း၊ အကြမ်းနည်းနဲ့ တိုက်ခိုက်ရာမှာ မဟာဗျူဟာကျကျ လုပ်နိုင်ဖို့က သပိတ်တရားတွေကတဆင့် ရှင်းပြပြီး သွားလို့ရတဲ့လမ်းကြောင်းဖြစ်တယ်လို့ ကိုလွမ်းသူက သုံးသပ်ပြပါတယ်။

“စစ်ရေး နိုင်ငံရေး၊ မြေပြင်အခင်းအကျင်း၊ ပြီးရင် ပြောင်းလဲလုပ်ကိုင်ရမယ့် နည်းဗျူဟာ။ ဆိုလိုတာက Soft Power နဲ့ဖြစ်ဖြစ် Hard Power နဲ့ဖြစ်ဖြစ် ဗျူဟာမြောက် တိုက်နိုင်ဖို့ပေ့ါ။ ပြီးရင် လူထုကို စစ်ပွဲတွေထဲမှာ ဖြတ်သန်းရမယ့် နည်းနာတွေ ပြောဖို့လိုတယ်။ ဒါ့အပြင် တော်လှန်ရေးရဲ့ တိုးတက်နေတဲ့အခြေအနေတွေကို ပြောပြရင် လူထုပါဝင်မှု အားကောင်းလာပြီး လူထုကိုယ်တိုင်က ဒို့တွေ ပူးပေါင်းပါဝင်ပြီး ဆက်သွားရင် အောင်ပွဲနဲ့ နီးမယ် ဆိုပြီး မြင်လာမယ်” လို့ သူက ဆိုပါတယ်။

'သပိတ်တွေရဲ့အား'

စစ်ကောင်စီဟာ အကြောက်တရားရိုက်သွင်းဖို့ လူထုသပိတ်တွေကို တရားဥပဒေလက်လွတ် အကြမ်းဖက်နည်းမျိုးစုံနဲ့ ဖိနှိပ်ဖြိုခွဲတာပါ။ ရိုက်နှက် ဖမ်းဆီး၊ သေနတ်နဲ့ ပစ်သတ်တဲ့အပြင် ကားနဲ့လိုက်တိုက်ပြီး ဖမ်းတာမျိုးအထိ အပြင်းအထန် နှိမ်နင်းပါတယ်။

အကြမ်းမဖက် ဆန္ဒပြတဲ့ လူထုအပေါ် ဘာကြောင့် ဒီလောက်ထိ ရက်ရက်စက်စက် အကြမ်းဖက် နှိမ်နှင်းနေတာလဲဆိုရင် အကြောက်တရားရအောင်လုပ်နေတဲ့ စစ်ကောင်စီကိုယ်တိုင်က လူထုကို ကြောက်နေလို့ဆိုပြီး ကလေးဒေသ လူထုသပိတ်ကော်မတီကို ဦးဆောင်သူ ကိုဗိုက်ပူက ပြောပါတယ်။

“လူထုလှုပ်ရှားမှုတွေက အာဏာရှင်ရဲ့အရှိုက်ကို ထိုးနှက်နေတာဖြစ်တယ်။ ဒါကြောင့် စစ်ကောင်စီမှမဟုတ်ဘူး၊ ဘယ်အာဏာရှင်မဆို လူထုဆန့်ကျင်မှုကို ကြောက်ကြတယ်” လို့ သူက ဆိုပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ မတ်လကုန်ပိုင်းမှာ ကမ္ဘာကျော် သတင်းဌာနကြီးဖြစ်တဲ့ CNN က သတင်းထောက်ကို ပြည်ဝင်ခွင့်ပေးပြီး တိုင်းပြည်ဟာ ပုံမှန်အခြေအနေ ရောက်နေပါပြီလို့ ကမ္ဘာကိုလိမ်ဖို့ ကြိုးစားပါတယ်။ သတင်းထောက်ကို စစ်ကောင်စီက သူတို့အစီအစဉ်နဲ့ပဲ ကန့်သတ်ပြီး သတင်းယူခွင့်ပေးတာပါ။ မြန်မာလူထုကလည်း CNN သတင်းယူတဲ့ လမ်းကြောင်းတွေမှာ ရတဲ့နည်းနဲ့ သပိတ်တွေ မှောက်ပြကြပါတယ်။ ကားဟွန်းတီးတာ၊ သံပုံးတီးတာ၊ လက်သုံးချောင်းထောင်ပြတာမျိုးတွေနဲ့ ကမ္ဘာသိအောင် လုပ်ပြကြပါတယ်။ CNN သတင်းထောက်ကို လက်သုံးချောင်းထောင်ပြသူ၊ အင်တာဗျူးဖြေဆိုသူတွေကို စစ်ကောင်စီက ဖမ်းပြီး စစ်ကြောရေးလုပ်ပါတယ်။ ဒီဖြစ်စဥ်ကိုကြည့်ရင် လူထုက သပိတ်နဲ့ ကမ္ဘာသိအောင်လုပ်တဲ့အပေါ် စစ်ကောင်စီက ဘယ်လောက်ထိ ကြောက်အားကြီးတယ်ဆိုတာ ထင်ရှားနေပါတယ်။ 

မုံရွာ လူထုသပိတ်တုန်းကဆိုရင် သပိတ်သမားတွေကို ဖမ်းဆီးရုံသာမက သပိတ်သမားတွေကို ချဥ်ပေါင်းကြွေးတဲ့ စျေးသည်ကိုတောင် အလွတ်မပေးဘဲ ဖမ်းပါတယ်။ သာမန်စျေးသည်တယောက်ကို သပိတ် အားပေးအားမြှောက်လုပ်တယ် ဆိုပြီး ပုဒ်မကြီးကြီး တပ်လိုက်တဲ့သဘောပါ။ နောက်ဖြစ်စဉ်တခုမှာဆိုရင်လည်း မုံရွာမြို့ လမ်းတနေရာမှာ ပြောက်ကျားသပိတ်လုပ်သွားတုန်း ဘေးနားကရပ်ကြည့်ရင်း လက်ခုပ်တီးအားပေးတဲ့ အမျိုးသမီးတဦးကို ဓာတ်ပုံမှတ်တမ်းနဲ့လိုက်ပြီး နေအိမ်မှာ သွားဖမ်းပါတယ်။ ဒါတွေအားလုံးဟာ စစ်ကောင်စီအနေနဲ့ သပိတ်တွေကို ဘယ်လောက်ကြောက်သလဲဆိုတာ ပြတာပါပဲ။ စစ်ကောင်စီဟာ အဲဒီလောက် ဘာ့ကြောင့် ကြောက်သလဲဆိုရင် သပိတ်တွေကနေ တွန်းနိုင်တဲ့ တော်လှန်ရေးအရွေ့၊ နိုင်ငံရေးအရွေ့ကြောင့်ပါလို့ မုံရွာလူထု သပိတ်ကော်မတီအဖွဲ့ဝင် တဦးဖြစ်တဲ့ မချောစုစံက မှတ်ချက်ပေးပါတယ်။

“မြင်သာတဲ့ ဥပမာတခုအနေနဲ့ ကုလသမဂ္ဂမှာ သံအမတ်ရွေးတဲ့ကိစ္စဆိုရင် ဦးကျော်မိုးထွန်း နေရာပြန်ရဖို့ သပိတ်တွေကနေ လူထုဆန္ဒထုတ်ဖော်ပြီး လုပ်ခဲ့တဲ့ အကျိုးရလဒ်ပါ” လို့ ပြောပါတယ်။

နွေဦးတော်လှန်ရေးဟာ အကြမ်းမဖက် လူထုသပိတ်တွေနဲ့ အစပြုခဲ့ပြီး တဘက်မှာလည်း အခြေအနေအရ လက်နက်ကိုင်လမ်းကို ရွေးလိုက်ကြရပေမယ့်  သပိတ်လှုပ်ရှားမှုတွေအပေါ် ယုံယုံကြည်ကြည်နဲ့ ဒေသအလိုက် ထွက်နေတဲ့ သပိတ်စစ်ကြောင်းတွေလည်း ရှိနေဆဲပါ။ ကိုမင်းလွင်ဦးကလည်း နိုင်ငံတကာအနေနဲ့ အာဏာသိမ်း စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုတာဟာ လက်နက်ကိုင် ခုခံတော်လှန်စစ် တခုတည်းကြောင့်မဟုတ်ဘဲ CDM လှုပ်ရှားမှုတွေ၊ လက်နက်မဲ့ လူထုတိုက်ပွဲတွေ ဆက်လက်ရှင်သန်နေတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းမှုကို ပထမဆုံး လမ်းပေါ်ထွက် ဆန္ဒပြသပိတ်မှောက်ခဲ့သူ မန္တလေးမြို့က သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းကတော့ Civil Resistance လို့ခေါ်တဲ့ လူထုတိုက်ပွဲတွေမှာ ကျား၊ မ အသက်အရွယ်မရွေး၊ နေရာဒေသမရွေး ပါဝင်နိုင်တာဟာ အားသာချက်ဖြစ်သလို တော်လှန်ရေးအတွက် ထိရောက်တဲ့နည်းနာလို့ သုံးသပ်ပါတယ်။

“ရက်မပျက်ထွက်နေကြတဲ့ လမ်းပေါ်က လူထုသပိတ်တွေ၊ CDM လှုပ်ရှားမှုတွေ အပါအဝင် စစ်အုပ်စုကို အသိအမှတ်မပြုဘူး၊ လက်မခံဘူးလို့ နည်းလမ်းစုံနဲ့ ဖော်ထုတ်ပြသနေကြတဲ့ လူထုလှုပ်ရှားမှုအားလုံးသည် အင်မတန်မှ အရေးပါပါတယ်။ ကျနော်တို့ တော်လှန်ရေးကြီးအတွက် ထိလည်း ထိရောက်တယ်၊ လိုလည်း လိုအပ်တယ်” လို့ သူကပြောပါတယ်။

 

'လက်သုံးချာင်းလည်းထောင်၊ လက်ညှိုးလည်းကွေး'

“နိုင်ငံရေးမပါတဲ့ တော်လှန်ရေးဟာ အာဏာရှင်အသစ်တွေကိုသာ မွေးဖွားပေးနိုင်မယ်” ဆိုတဲ့ ဆိုစကားကို သပိတ်ဦးဆောင်သူ တော်တော်များများက မကြာခဏ ကိုးကားပြောဆိုကြပါတယ်။ ဒါကြောင့် လူထုသပိတ်တွေကနေတဆင့် တော်လှန်ရေး၊ နိုင်ငံရေး အသိပညာပေးဝေမျှတာတွေ လုပ်နေကြတာလို့လည်း ပြောကြပါတယ်။ တဘက်မှာလည်း တော်လှန်ရေးမှာ လူတိုင်းအရေးကြီးသလို ဘယ်လိုပဲ တော်လှန်နေနေ တော်လှန်နေခြင်းသည်ပင် အဓိကလို့ သုံးသပ်တာလည်း ရှိပါတယ်။ 

“ဒီမိုကရေစီရဲ့ နှုန်းစံတန်ဖိုးအရ တော်လှန်ရေးမှာလည်း လွပ်လပ်စွာ သဘောထားကွဲခွင့်ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ စိတ်ဝမ်းကွဲလို့ မရဘူး။ တော်လှန်ရေးမှာ အနုနည်းအရ သပိတ်မှောက်တာလည်း တိုက်ပွဲနည်းနာတရပ်၊ CDM လုပ်တာ၊ စစ်ကောင်စီ ထုတ်ပြန်ချက်တွေကို ဆန့်ကျင်တာလည်း နည်းနာတရပ်ပဲလို့ မြင်ကြမယ်ဆိုရင် တော်လှန်ရေး ရှေ့ရောက်မယ်။ တော်လှန်ရေးတရပ်ကို ဆင်နွှဲတဲ့နေရာမှာ တိုက်ပွဲနည်းနာတွေ အများကြီးရှိတယ်။ အဲဒီအထဲက သပိတ်ဟာလည်း တိုက်ပွဲနည်းနာတရပ်ပဲ။ တချို့မြင်သလို ဒီချိန်ဟာ လက်သုံးချောင်းထောင်ရမယ့်အချိန် မဟုတ်ဘူး လက်ညှိုးကွေးရမယ့်အချိန်လို့ မြင်ပြီး သပိတ်တွေအပေါ် ယုံကြည်မှုမရှိတာဟာ မှားတယ်”  လို့ ကိုလွမ်းသူက ပြောပါတယ်။

လက်ရှိ လက်နက်ကိုင်ပြီး အာဏာရှင်ကို တိုက်နေသူတွေကိုယ်တိုင်က နွေဦးတော်လှန်ရေးမှာ လူထုသပိတ်ထဲ ထဲထဲဝင်ဝင် ပါခဲ့ကြသူချည်းဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လက်နက်အားကိုး အကြမ်းဖက်မှုတွေကို မခံမရပ်နိုင်တဲ့အဆုံး ခုခံတော်လှန်စစ် လမ်းကြောင်းကို ရွေးချယ်ခဲ့ရတာပါ။  တော်လှန်ရေးမှာ နောက်မဆုတ်ဘဲ ဆက်ပြီးပါဝင်နေရင် လက်နက်ကိုင်သည်ဖြစ်စေ၊ မကိုင်သည်ဖြစ်စေ လေးစားပြီးသားလို့ မြင်းခြံဇီးရိုး ပြောက်ကျားခေါင်းဆောင် ရဲဘော်သက်ကြီးက မှတ်ချက်ပေးပါတယ်။

“တော်လှန်ရေးမှာ သူ့ခံယူချက်နဲ့ သူ့အလုပ်နဲ့သူ သွားကြတယ်။ သပိတ်က သပိတ်၊ လက်နက်ကိုင်က လက်နက်ကိုင်လိုင်းပေ့ါ။ သပိတ်က နိုင်ငံတကာစာမျက်နှာမှာ မြင်သာအောင်ပြတယ်၊ လက်နက်ကိုင်တော်လှန်ရေးက မြေပြင်မှာ တိုက်ရိုက်ထိရောက်တယ်။ နိစ္စဓူဝ သပိတ်တွေဟာ မြန်မာတွေ သွေးအေးမနေဘူးလို့ နိုင်ငံတကာကို ပြနိုင်တဲ့အတွက် ကောင်းမွန်တဲ့အချက်ပါပဲ” လို့  ရဲဘော်သက်ကြီးက ဆိုပါတယ်။

အာဏာရှင်စနစ်ကို အောင်အောင်မြင်မြင် တွန်းလှန်နိုင်တဲ့ နိုင်ငံတွေရဲ့သမိုင်းကို ပြန်ကြည့်ရင် တော်လှန်ရေးလမ်းစဉ် တခုတည်းအပေါ်မှာပဲ လုံးဝရပ်တည်ခဲ့တာမဟုတ်ဘဲ ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းစုံနဲ့ တိုက်ကြတာကို တွေ့ရမှာဖြစ်သလို  လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာလည်း လက်နက်ကိုင် ခုခံတွန်းလှန်စစ်အပါအဝင် ကျန် လူထုတိုက်ပွဲတွေနဲ့အတူ မဟာဗျူဟာမြောက် ဆင်နွှဲနေခြင်းဖြစ်တယ်လို့ ဒေါက်တာတဇာဆန်းက သုံးသပ်ရင်း အခုလို မှတ်ချက်ပေးပါတယ်။

“ကျနော်တို့ Armed Resistance  လက်နက်ကိုင် ခုခံတွန်းလှန်စစ်မဏ္ဍိုင်နဲ့ Civil Resistance လူထုတိုက်ပွဲမဏ္ဍိုင်ကို မဟာဗျူဟာမြောက် ဟန်ချက်ညီညီနဲ့ သဟဇာတဖြစ်ဖြစ် ပေါင်းစပ် ပုံဖော်ခြင်းအားဖြင့် နွေဦးတော်လှန်ရေးကြီးရဲ့ အဆုံးသတ်ပန်းတိုင်ကို ပိုမိုစောလျင်စွာ ရောက်ရှိနိုင်မယ်လို့ နားလည်ထားပါတယ်။”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly