ပဲခူးရိုးမပေါ် တိုက်ပွဲ စစ်ကောင်စီ အထိအခိုက်များဟု PDF ပြော

By ရွှေနွယ် (မဇ္ဈိမ)
25 September 2023
ပဲခူးရိုးမပေါ် တိုက်ပွဲ စစ်ကောင်စီ အထိအခိုက်များဟု PDF ပြော

ပဲခူးတိုင်း၊မင်းလှမြို့နယ်၊ ရိုးမပေါ်ရှိ ဘီးချောင်းကုန်းတွင် စက်တင်ဘာ ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်က အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) တို့ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ဘက်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၈၀ မမ၊ ၁၂၀ မမ လက်နက်ကြီးများ အသုံးပြုခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ၄၀ မမများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း PDF တပ်ရင်း (၃၈၀၂) ၏ ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်ဇော်ကြီးကပြောသည်။စစ်ကောင်စီတပ်ကို  ထိထိမိမိတိုက်ခိုက်နိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ရဲဘော်ဇော်ကြီးက "အပြန်အလှန်ပစ်နေချိန်မှာပဲ ကျွန်တော်တို့ ရဲဘော်တွေမျက်မြင်မှာ သူတို့ဘက်က ငါး ယောက်လဲကျသွားတယ်။ အပင်တွေခံနေတော့ မမြင်ရတာတွေလည်းရှိတယ်" ဟု ပြောသည်။

မင်းလှမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (၁) နှင့် နီးစပ်သူ၏ သတင်းပေးချက်အရ တိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရသူများကိုလိုက်ထရပ်ကား နှစ်စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်းနှင့် သေဆုံးသူ ၁၆ ဦးရှိကြောင်း သတင်းရရှိထားသည်ဟု ရဲဘော်ဇော်ကြီးကဆက်ပြောသည်။စစ်ကောင်စီတပ်သား သေဆုံးအရေအတွက်ကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှလည်း ရဲဘော်တဦးကျဆုံးခဲ့ပြီး ရုပ်အလောင်းကို ပြန်လည်ကောက်ယူလာနိုင်ခြင်းမရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးတဝိုက်ရှိ ပြည်သူပိုင်ယာတဲသုံးလုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သည်။လက်ရှိတွင် ဘီးချောင်းကုန်းရှိ ဒေသခံမိသားစုအချို့မှာ စိန်ကန့်လန့်ကျေးရွာနှင့် မင်းလှမြို့ပေါ်သို့တိမ်းရှောင်နေကြရသည်။

မင်းလှ−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ စစ်ကောင်စီတပ်၊ ရဲနှင့် သစ်တောဝန်ထမ်းများအထိုင်ချရာ ခါချဉ်တောင် သစ်တောဂိတ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ စက်တင်ဘာ ၉ ရက်နေ့ညပိုင်းက ဝင်ရောက်စီးနင်း၍ စခန်းကိုမီးရှို့ဖျက်ဆီးခဲ့သည်။စစ်ကောင်စီတပ်က အဆိုပါစခန်းအားပြန်လည်ရရှိရေးအတွက် ရိုးမပေါ်သို့ စစ်ကြောင်းအကြိမ်ကြိမ်ထိုးလျက်ရှိပြီး ကာကွယ်ရေးတပ်ဖွဲ့များနှင့် မကြာခဏတိုက်ပွဲများဖြစ်ပွားနေသည်။

အဆိုပါ ခါချဉ်တောင်သစ်တောဂိတ်စခန်းသည် ပဲခူးရိုးမအတွင်းမှ တရားမဝင်သစ်ခိုးထုတ်နေသည့် သစ်ကားများ၊ဆိုင်ကယ်များအား ငွေကြေးကောက်ခံနေပေးခြင်းဖြင့် စစ်ကောင်စီအားဝင်ငွေရှာဖွေပေးနေသည်ဟုလည်း ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

စာတည်း - အေးချမ်း
#mizzima
#မင်းလှမြို့နယ်
#ပဲခူးရိုးမပေါ်
#ရင်ဆိုင်တိုက်ပွဲ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required