အင်းစိန်ထောင်အတွင်း နိုင်ကျဉ်း လူငယ် ၁ ဦး သေဆုံး

By 001 (မဇ္ဈိမ)
25 September 2023
အင်းစိန်ထောင်အတွင်း နိုင်ကျဉ်း လူငယ် ၁ ဦး သေဆုံး

အင်းစိန်ထောင်တွင် အကျဥ်းချခံထားရသည့် အသက် (၂၁) နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုမင်းဟိန်းခန့်သည် စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက အင်းစိန်ထောင်အတွင်း နှလုံးရောဂါဖြင့် သေဆုံးသွား ကြောင်း မိသားစုနှင့် နီးစပ်သူများက မဇ္ဈိမကို ပြောသည်။

ပုဇွန်တောင်နှင့် ဗိုလ်တထောင်မြို့နယ်၏ လူငယ်များ သပိတ်ကော်မတီဝင် တဦးဖြစ်သည့် ကိုမင်းဟိန်းခန့် သေဆုံးမှုနှင့် ပတ်သက်ပြီး အကျဥ်းဦးစီးဌာန တာဝန်ရှိသူများက စက်တင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းတွင် မိသားစုထံအကြောင်းကြားလာခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က မည်သည့်ရောဂါမှမရှိဘဲ ကျန်းမာရေးကောင်းမွန်သည့် ကိုမင်းဟိန်းခန့်သည် ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးတွင် အပြင်းအထန် နှိပ်စက်ခံရသည့် ဒဏ်များကြောင့် နှလုံးရောဂါရရှိခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများက ဆိုသည်။

“သူက ၄၄ လမ်း တိုက်ပေါ်ကနေခုန်ချတဲ့ အမှုလေ၊ အဲ့တာနဲ့အမှုတွဲပဲ၊ တဖွဲ့တည်းပဲပေါ့၊ ဒါပေမဲ့ အဲ့ဒီနေ့က သူက အဖမ်းခံရတာ မဟုတ်ဘူး၊ သူက အဲ့ဒီဟာဖြစ်ပြီးတော့ တလလောက်ကြာတော့ မိတာ”ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

ထောင်တွင်း ဆေးဝါးကုသစောင့်ရှောက်မှုအားနည်းခြင်းကြောင့် အသက်သေဆုံးသွားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူ ဦးသိုက်ထွန်းဦးက ပြောသည်။

"သူ့ သူငယ်ချင်းတွေနဲ့ စကားပြောနေရင်း နည်းနည်းလေးတော့ လှုပ်လှုပ်ရှားရှားရှိတာပေါ့နော်၊ အဲ့လိုလုပ်နေရင်းနဲ့မှ နှလုံးဖောက်သွား တယ်ပြောတယ်၊ ဖောက်သွားတဲ့အခါမှာ အရေးပေါ်ဆေးဝါးကုသမှု နောက်ကျတာလည်းပါတာပေါ့နော်၊ နောက်ကျတဲ့အခါမှာ မဆုံးရှုံးသင့်တဲ့ အသက်တချောင်း ဆုံးရှုံးသွားတာပေါ့လေ”ဟု ၎င်းက ပြောသည်။

ကိုမင်းဟိန်းခန့်သည် ၂၀၂၁ ခုနှစ်  နိုဝင်ဘာလအတွင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ထိုစဉ်က အသက် ၁၉ နှစ်သာ ရှိသေးကာ စစ်ကောင်စီက ၎င်းကို ပုဒ်မ ၅၀၅၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မများဖြင့် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့သည်။

လက်ရှိတွင် ကိုမင်းဟိန်းခန့်၏ ရုပ်အလောင်းအား မိသားစုဝင်များက ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ရန်ကုန်၊ ရေဝေးသုသာန်၌ သင်္ဂြိုဟ်ခဲ့သည်။

စာတည်း။   ။ နောင်နောင်

Photo - ပုဇွန်တောင်နှင့် ဗိုလ်တထောင်မြို့နယ် လူငယ်များ သပိတ်ကော်မတီဝင် ကိုမင်းဟိန်းခန့် (Facebook / Political Prisoners Network)

#ကိုမင်းဟိန်းခန့် 
#အင်းစိန်ထောင်
#ကျဆုံး
#Mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required