NUG နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သောအဖွဲ့ ပြည်ပနိုင်ငံအချို့၊ အဖွဲ့အစည်းအချို့နှင့် ဆက်တိုက်တွေ့ဆုံ

By 002 (မဇ္ဈိမ)
23 September 2023
NUG နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သောအဖွဲ့ ပြည်ပနိုင်ငံအချို့၊ အဖွဲ့အစည်းအချို့နှင့် ဆက်တိုက်တွေ့ဆုံ

NUG နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သောအဖွဲ့ ပြည်ပနိုင်ငံအချို့၊ အဖွဲ့အစည်းအချို့နှင့် ဆက်တိုက်တွေ့ဆုံလျက်ရှိသည်။ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ရန် ‌ရောက်ရှိနေသော အမေရိကန်၊ တီမောလက်စ်သမ္မတနိုင်ငံ၊ လစ်သူရေးနီးယားနိုင်ငံ အစိုးရအဖွဲ့တို့နှင့်အပြင် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ခေါင်းဆောင်များနှင့် ဖွဲ့စည်းထားသည့် The Elders အဖွဲ့မှ တာ၀န်ရှိသူများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၀ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူများနှင့်နယူးယောက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအားဆွေးနွေးခဲ့သည်။

တီမောလက်စတေးနိုင်ငံ သမ္မတ Jose Ramos-Horta နှင့် နယူးယောက်မြို့တွင် စက်တင်ဘာ ၂၁ ရက်၌ တွေ့ဆုံခဲ့ပြီး မြန်မာ့နွေဦးတော်လှန်ရေးနှင့်စပ်လျဉ်း၍ဆက်လက်ပူးပေါင်းလုပ်ဆောင်မည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တီမောသမ္မတသည် မြန်မာ့အရေးနှင့် မြန်မာပြည်သူများအတွက် ထိရောက်သည့် အကူညီများ အမြန်ဆုံး ရရှိစေရေး နိုင်ငံတကာသို့ တိုက်တွန်းပြောဆိုချက်များအား မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ သည်။

စက်တင်ဘာ ၂၂ ရက်တွင် လစ်သူရေးနီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Gabrielius Landsbergis နှင့် တွေ့ဆုံခဲ့ပြီး မြန်မာပြည်အတွင်းစစ်တပ် အုပ်စိုးတဲ့ နိုင်ငံရေးစနစ်ကို ရပ်တန့်ကာ ဒီမိုကရေစီ ပြန်လည်ဖော်‌ဆောင်ရေးသည် ဒေသတွင်းတည်ငြိမ်မှုနှင့် ‌ရေရှည်တည့်တန့် ခိုင်မြဲသည့် ဖွံ့ဖြိုးရေးအတွက်အရေးကြီးသကဲ့သို့ ကမ္ဘာတဝှမ်း ဒီမိုကရေစီ အကြပ်အတည်းဆိုက်နေမှုနှင့် ချိတ်ဆက်နေခြင်းဖြစ်ကြောင်း၊ဒီမိုကရက်တစ်နိုင်ငံငယ်များ၏ အခန်းကဏ္ဍအရေးပါမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

The Elders အဖွဲ့ဥက္ကဋ္ဌ နှင့် အိုင်ယာလန်နိုင်ငံ၏ သမ္မတဟောင်းဖြစ်သူ H.E. Ms Mary Robison၊ မွန်ဂိုးလီးယားနိုင်ငံ၏ သမ္မတဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ H.E. Mr Elbegdor Tsakhia၊ ကိုလံဘီယာနိုင်ငံ၏ သမ္မတဟောင်းဖြစ်သူ H.E. Mr Juan Manuel Santos အပါအဝင် The Elders မှ အခြားသော တာဝန်ရှိပုဂ္ဂိုလ်တို့အား စက်တင်ဘာ ၂၂ ရက်က တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးကိစ္စနှင့် ပတ်သက်၍ အမြင်များ ဖလှယ်ကာ ဆွေးနွေးခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ လူအခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း အစရှိသူ တို့ ပါ၀င်သည်။

#NUG

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required