ငါန်းဇွန်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ၇ ဦးသေဆုံး

By ဓါတု(မဇ္ဈိမ)
10 September 2023
ငါန်းဇွန်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ၇ ဦးသေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ခေါင်းပိုကျေးရွာမှ လက်ပံသာကျေးရွာ (ဒေသအခေါ် တလင်း ကုန်း)သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ဒရုန်းဖြင့်ဗုံးကြဲခဲ့ရာ  ခုနစ်ဦးသေဆုံးပြီး အရာရှိ အပါအဝင် ထိခိုက်ဒဏ်ရာရသူများရှိကြောင်း  Black Eagle Drone Force တာဝန်ခံ၏ ပြောကြားချက် အရ သိရသည်။

အင်အား ၄၀ ကျော်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းအား ကာကွယ်ရေးတပ်ဖွဲ့များက ခေါင်းပိုရွာမှ လက်ပံသာရွာသို့အကူးတွင်  ယနေ့ စက်တင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်မှ ၁၂ နာရီအထိ တကြိမ်၊ တလင်းကုန်း၌အထိုင်ချနေစဉ် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ မှ  ညနေ ၄ နာရီအထိတကြိမ်၊ စုစုပေါင်း နှစ်ကြိမ် ဗုံးသီးရှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ခုနစ်ကောင်သေတာတော့ အတည်ပြုလို့ရတယ်။ ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ အရာရှိလည်းပါတယ်။ သူ ကတော့ သေ၊ မသေ မသိရသေးဘူး။ ဒဏ်ရာရတဲ့သူတွေထဲကမှ ဖောကားနဲ့ လူရွေးခေါ်သွားတာတွေ့ တယ်”ဟု Black Eagle Drone Force တာဝန်ခံက မဇ္စျိမကိုပြောသည်။

ယနေ့တိုက်ခိုက်မှုကို Black Eagle Defence Force - မြင်းမူ(MMU)၊ Black Eagle Drone Force၊ မီးနဂါး NZN Revolution Force၊  ကျောက်ဆည်ခရိုင်တပ်ရင်း(၂) TGR Defence Force ၊ TGR Myaung Women Drone Force နှင့် ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုများ ရှိခဲ့ကြောင်း Black Eagle Drone Force အဖွဲ့ကဆိုသည်။

ငါန်းဇွန်မြို့နယ်အနှံ့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရန် ဖြန့်ကြက်ထားသည့်အင်အား ၃၀၀ ဝန်း ကျင်ရှိ၍ စစ်ကောင်စီတပ်ဖွဲ့အား ဒရုန်းဖြင့်ဗုံးကြဲချသည့် စစ်ဆင်ရေးကို ခပ်စိပ်စိပ်လှုပ်ရှားခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ပြောကြားချက်အရ သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly