မုံရွာမြို့နယ်တွင် PDF လက်နက်ထုတ်လုပ်ရေးစခန်း ဝင်စီးခံရပြီး ရဲဘော် ၄ ဦး ကျဆုံး

By ပါခွီး(မဇ္စျိမ)
08 September 2023
မုံရွာမြို့နယ်တွင် PDF လက်နက်ထုတ်လုပ်ရေးစခန်း ဝင်စီးခံရပြီး ရဲဘော် ၄ ဦး ကျဆုံး
ပုံအညွှန်း- သတ်ဖြတ်ခံရသော PDFတပ်ဖွဲ့ဝင်များကို မီးသင်္ဂြိုဟ်စဥ််(ဓတ်ပုံ-PDF - South Monywa)

စစ်ကိုင်းတိုင်း ၊မုံရွာမြို့တွင် မုံရွာခရိုင်တပ်ရင်းအမှတ် (၁၁) People’s Defence Force – South Monywa ၏ လက်နက်ထုတ်လုပ်ရေး စခန်းငယ် စစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်းခံရပြီး ရဲဘော်လေးဦးကျဆုံးခဲ့ကြောင်း PDF – South Monywa တာဝန်ရှိသူထံက သိရသည်။

ကြေးမုံရွာအနီးရှိ ထိုစခန်းကို  အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ် ခမရ (၇၀၃)စစ်ကြောင်းက စက်တင်ဘာလ ၆ရက် နံနက် ၄နာရီ ၄၅မိနစ်အချိန်တွင် ဝင်ရောက် စီးနင်းပြီး ရဲဘော်ခြောက်ဦးကို ဖမ်းဆီး နှိပ်စက်ပစ်သတ်ခဲ့ရာ လေးဦးကျဆုံးပြီး နှစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိထားကြောင်း သိရသည်။ 

“ကျနော်တို့ရဲဘော်တွေ မသေခင်မှာ တော်တော်နှိပ်စက်ခံထားရတယ်ဗျ။  ပြီးမှ တန်းစီခိုင်းပြီး တရစပ်ပစ်ခတ်သွားတာပါ ။ အကုန်သေပြီဆိုပြီး ဒီအတိုင်းထားခဲ့တာပါ” ဟု မုံရွာခရိုင်တပ်ရင်းအမှတ် (၁၁) People’s Defence Force – South Monywa ယာယီဒုတပ်ရင်မှူး Oxygen က မဇ္စျိမကို 
ပြောသည်။

ကျဆုံးသည့်ရဲဘော်များမှာ PDF – South Monywa တပ်ခွဲ(၃) တပ်စု(၁) Monywa Peacock Defence Focrce မှ အသက်(၁၉) ရဲဘော်ဖိုးသင်္ကြန်(ခေါ်) အောင်ခန့်ကျော် အပါအဝင် ကျန်သုံးဦးမှာ Monywa King PDF မှ ဖြစ်ကြောင်းသိရသည်။

၎င်းတို့ကိုပစ်ခတ်ပြီး စခန်းကို မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကြောင်းပြန်လည်ထွက်ခွာချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ရှင်းလင်းရာ အသက်မသေဘဲ ဒဏ်ရာပြင်းထန်စွာရရှိသည့် ရဲဘော်နှစ်ဦးကို ဆေးကုသပေးလျက်ရှိကြောင်းဆိုသည်။

အဆိုပါစစ်ကောင်စီတပ်သည် ရန်ကုန်တိုင်း စစ်ဗျူဟာကွပ်ကဲရေး ဌာနချုပ် စကခ (၄) မှော်ဘီလက်အောက်ခံတပ်ဖြစ်ပြီး ပလက်ဝဘက်မှ ဆင်းလာသောတပ်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၅ရက်နေ့ မနက် ၉နာရီ ၁၀မိနစ်အချိန်က ဖောကားနှစ်စီး နှင့် သံပြားကာ ကားတစ်စီးဖြင့် မုံရွာမြို့အထွက် မအူဂိတ်ကို ရောက်လာခဲ့ပြီး နေ့လယ် ၂နာရီအချိန် တွင် ယင်းနေရာမှထွက်ကာ ၂နာရီ ၄၀မိနစ်အချိန်တွင် စွမ်းရည်ထက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာပြီးနောက်တနေ့ နံနက်အစောချိန်တွင် ကာကွယ်ရေး တပ်ခွဲစခန်း ကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ယာယီဒုတပ်ရင်မှူး Oxygen ဆက်ပြော သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် သုံ့ပန်းများဖမ်းမိပါက သတ်ခွင့်မရှိ လုံခြုံရေးပေးစောင့်ရှောက်ရသော်လည်း စစ်ကောင်စီတပ်အနေဖြင့် ရန်သူပီသစွာ ၎င်းတို့၏ အလုပ်ကို လုပ်ကိုင်ခြင်းဖြစ်ကြောင်းဆိုသည်။

ယခုကဲ့သို့ ကျဆုံးသွားသည့် ရဲဘော်များအတွက် အမှတ်တရအဖြစ် အုတ်ဂူပြုလုပ်ပြီး အာဇာနည်ရဲဘော်များအဖြစ်မှတ်တမ်းတင်ထားမည်ဖြစ်ကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly