စခန်းမှူးနှင့်တွေ့ပြီးပြန်လာသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး လမ်းတွင် ပစ်သတ်ခံရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
05 September 2023
စခန်းမှူးနှင့်တွေ့ပြီးပြန်လာသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး လမ်းတွင် ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာတွင် မြို့မရဲစခန်းမှပြန်လာသည့် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦး သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရ သည်။

စမ်းလှမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံရွှေ(၆၀ နှစ်)သည် လောင်းလုံးမြို့မစခန်းမှူးနှင့် သွားရောက်တွေ့ ဆုံပြီး နေအိမ်သို့ပြန်လာစဉ်  စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းက ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

၎င်းသည် လက်နက်ကိုင်ဆောင်ထားသူဖြစ်သကဲ့သို့ စစ်ကောင်စီက လက်နက်ထောက်ပံ့ထားသော ပျူ စောထီးအဖွဲ့ဝင်လည်းဖြစ်ကြောင်း Dawei Defense Team - DDT တပ်ခွဲ (၃) က မဇ္ဈိမကို ပြောသည်။

“စခန်းမှူးနဲ့သွားတွေ့နေတာကို သတင်းရထားလို့ လမ်းမှာသွားစောင့်ပြီး ဆိုင်ကယ်နဲ့ပြန်လာတဲ့ အုပ်ကြီး ကို လမ်းမှာ သေနတ်နဲ့ငါးချက်ပစ်ခဲ့တာ” ဟု DDT တပ်ခွဲ(၃)မှ ပြန်ကြားရေးတာဝန်ခံကပြောသည်။
အဆိုပါပစ်ခတ်မှုကို DDT တပ်ခွဲ (၃) နှင့် Guerrilla Dawei တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း လည်း ဆိုသည်။

၎င်းထံမှ စစ်ကောင်စီတပ်နှင့် ဆက်သွယ်ထားသည့်အချက်လက်များပါသော ဖုန်းတလုံး၊ တံဆိပ်တုံး နှစ်ခုနှင့် ရုံးစာရွက်၊ စာတမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။

ဦးစံရွှေသည် ဒေသခံတံငါလှေများနှင့်စက်လှေများထံမှ လစဥ်ကြေးတောင်းခံပြီး စစ်ကောင်စီတပ်ကို နောက်ကွယ်မှ ကူညီပံ့ပိုးပေးနေသူဖြစ်ကြောင်းလည်း ဒေသခံများက ဆိုသည်။

အဆိုပါ စမ်းလှမ်းကျေးရွာတွင် ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့ကလည်း ပျူစောထီးအဖွဲ့ ဝင်တဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသေးသည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required