မတူပီ-ပလက်ဝလမ်းမှ စစ်ကောင်စီဂိတ်ကို ချင်းကာကွယ်ရေးအဖွဲ့ တိုက်ခိုက်

By ပါခွီး (မဇ္စျိမ)
05 September 2023
မတူပီ-ပလက်ဝလမ်းမှ စစ်ကောင်စီဂိတ်ကို ချင်းကာကွယ်ရေးအဖွဲ့ တိုက်ခိုက်
CDF - Matupi တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ - CDF - Matupi)

ချင်းပြည်နယ်၊ မတူပီမြို့အနီး မတူပီ-ပလက်ဝလမ်းရှိ စစ်ကောင်စီဂိတ်ကို သွားရောက်တိုက် ခိုက်ခဲ့ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi က ထုတ်ပြန်ထားသည်။မတူပီ-ပလက်ဝလမ်းပေါ်ရှိ ခလရ (၃၀၄)ဂိတ်ကို စက်တင်ဘာလ ၄ ရက် ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ် တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အနည်းဆုံးသုံးယောက်ဒဏ်ရာရတဲ့ဆိုတာ အတည်ပြုလို့ရတယ်။ ကျနော်တို့ပစ်ပြီးတော့ သေလားစောင့် ကြည့်နေချိန်မှာ သူတို့အချင်းချင်း ကျောပိုးပြီးတော့ သယ်သွားတာကိုမြင်ရတယ်” ဟု CDF–Matupi ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းက မဇ္စျိမကိုပြောသည်။

မိနစ် ၃၀ အကြာ အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားသုံးဦး ဒဏ်ရာရရှိသွားပြီး ချင်း ကာကွယ်ရေးတပ်ဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ကြောင်း ဆိုသည်။

ယင်းသို့တိုက်ခိုက်ခဲ့မှုအပြီးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခလရ (၃၀၄)တပ်ရင်းသည် အင်အား ၁၂၀ ခန့်ဖြင့် မတူပီမြို့အစွန်၌တပ်စွဲထားခြင်းဖြစ်ပြီး လှုပ်ရှားမှု သိပ်မရှိဘဲ ဂိတ်စောင့်ခြင်းနှင့် လိုအပ်ပါက လက်နက်ကြီးပစ်ကူပေးခြင်းများ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

မတူပီမြို့ရှိစစ်ကောင်စီတပ်သားများသည် တပ်ဝန်းအနီးသာ လှုပ်ရှားသွားလာကြသော်လည်း ယခုကဲ့သို့ တိုက်ခိုက်ခံရသည့်အတွက် တခုခုပြန်လည်လုပ်ဆောင်နိုင်ပြီး ယင်းအခြေအနေအတွက် အသင့်ပြင်ဆင် ထားကြောင်း နိုင်ဂျွန်ကိမ်းက ဆိုသည်။

စစ်ကောင်စီဂိတ် ပစ်ခတ်ခံရပြီးနောက် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်နေသဖြင့် ပြည်သူများ သတိ ထားရန်လိုကြောင်း သို့သော် အစိုးရိမ်လွန်ရန်မလိုအပ်ဘဲ စစ်ကောင်စီတပ်သားများနှင့် တပ်စခန်းများ အနီးတွင် သွားလာနေထိုင်ခြင်းမပြုလုပ်ကြရန် CDF – Matupi ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ဇူလိုင်လ ၂၆ ရက် ညနေ ၃ နာရီ ၃၀ မိနစ်ခန့်က မတူပီ-ဟားခါးလမ်းမပေါ်ရှိ ဖနိုင်ကျေးရွာနှင့် မတူပီခရိုင် ရုံးအကြားတွင် CDF – Matupi က စစ်ဆင်ရေးပြုလုပ်ခဲ့ရာ မတူပီမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ချမ်းမြေ့အောင် ကို ၎င်းကိုင်ဆောင်သော လက်နက်နှင့်တကွ ဖမ်းဆီးခဲ့သေးသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required