စစ်ကောင်စီ လေတပ်ချုပ်ဦးဆောင်သည့်  အာဆီယံလေတပ်အကြီးအကဲများညီလာခံနေပြည်တော်တွင် ပြုလုပ်မည်

By မိုးသောက် (မဇ္ဈိမ)
01 September 2023
စစ်ကောင်စီ လေတပ်ချုပ်ဦးဆောင်သည့်  အာဆီယံလေတပ်အကြီးအကဲများညီလာခံနေပြည်တော်တွင် ပြုလုပ်မည်
Photo: JFM

အာဏာသိမ်းစစ်ကောင်စီ လေတပ်က ဦးစီးပြီး အာဆီယံဆိုင်ရာ လေတပ်အကြီးအကဲများညီလာခံ(The ASEAN Air Chiefs Conference (AACC)) ကို နေပြည်တော်တွင် ကျင်းပလုပ်သွားရန်ရှိနေကြောင်း စစ်ကောင်စီကိုလေ့လာစောင့်ကြည့်နေသည့် Justice For Myanmar က သတင်းထုတ်ပြန်သည်။

လေတပ်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးထွန်းအောင်က ဦးစီးပြီး လာမည့် စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ရက်နေ့ အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည်ဟု Justice For Myanmar က ၎င်း၏ သတင်းရင်းမြစ်ကိုကိုးကားပြီးဖော်ပြသည်။

ဗိုလ်မှူးကြီးထွန်းအောင်သည် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ စစ်ရာဇဝတ်မှုများနှင့်လူသားမျိုးနွယ်စုများပေါ်တွင် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုအထောက်အထားများအထင်အရှားရှိသူတစ်ဦးဖြစ်သည်။ ၎င်း၏ကွပ်ကဲမှုအောက်တွင် လေကြောင်းတိုက်ခိုက်မှုပေါင်း ၉၃၀ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၀၀၀နီးပါးသေဆုံးခဲ့ရသည်ဟု the Armed Conflict Location & Event Data Project (ACLED)က စာရင်းပြုထားသည်။

 အထူးသဖြင့် စစ်ကောင်စီက ကျူးလွန်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများထဲတွင် ကလေးငယ်၄၀ဦးအပါအဝင် လူပေါင်း ၁၂၈ဦးသေဆုံးခဲ့ရသည့် ပဇီကြီးကျေးရွာ တိုက်ခိုက်မှူဖြစ်စဉ်ကို အာဆီယံဥက္ကဌအနေဖြင့် အပြင်းအထန်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း  ယခုကဲ့သို့ သဘာပတိအဖြစ်တာဝန်ပေးထားခြင်သည်အသိအမှတ်ပြုခြင်းဖြစ်ကြောင်းJFMက ထောက်ပြသည်။

စစ်ကောင်စီနှင့်အာဆီယံဆက်ဆံရေးတွင်စစ်ကောင်စီကို လက်ခံသည့်အုပ်စုနှင့်လက်မခံသည့်အုပ်စု  နှစ်ခြမ်းကွဲနေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူဦးသန်းစိုးနိုင်က သုံးသပ်သည်။

 “အချို့က တရုတ်ပြည်ရဲ့သဘောထားအတိုင်းစစ်ကောင်စီကို ထောက်ခံရပ်တည်တဲ့ အင်အားစုတွေရှိတယ်။အထူးသဖြင့်ထိုင်းတို့ ကမ္ဘောဒီးယားတို့လာအိုတို့ အဲဒီအဖွဲ့တွေ က စစ်ကောင်စီကို အသိအမှတ်ပြုဆက်ဆံဖို့ ထက်သန်တက်ကြွပါတယ်။တရုတ်ရဲ့ပေါ်လစီတိုင်းပေါ့။၊ဒါပေမဲ့ မလေးရှား၊ မလေးရှား၊ စင်ကာပူ၊ အင်ဒီုနီးရှားစတဲ့တိုင်းပြည်တွေကတော့ စစ်ကောင်စီနဲ့ အတတ်နိုင်ဆုံး အဆက်အဆံလုပ်ဖို့ သဘောထားမရှိကြပါဘူး" ဟုပြောသည်။

ထိုညီလာခံကို အကြိမ်( ၂၀) မြောက်အဖြစ် ကျင်းပမည်ဖြစ်သည်။ 
လာမည့်ညီလာခံကိုတာဝန်ယူထားသည့် ဗိုလ်ချုပ်မှူးကြီးထွန်းအောင်သည် ဥရောသမဂ္ဂ၊ အမေရိကန်၊ ယူကေနှင့် ကနေဒါတို့ ပိတ်ဆို့အရေးယူမှူများကို ခံထားရသူတစ်ဦးလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီသည် ပြည်သူများကို မြေပြင်တွင်စစ်ကြောင်းထိုးတိုက်ခိုက်မှုများကိုဆက်တိုက်ပြုလုပ်နေသကဲ့ လေကြောင်းတိုက်ခိုက်မှုများလည်းတောက်လျှောက်ပြုလုပ်နေသည်။

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့်ဒေသခံပြည်သူများသေဆုံးရသည့်အပြင်၊ နေအိမ်များပျက်စီးခြင်း၊ ဘုရားစေတီများ၊ ဝတ်ပြုကျောင်းများနှင့်စာသင်ကျောင်းများလည်းပျက်စီးခဲ့ရသည်။

စာတည်။ ။အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly