စစ်ကောင်စီက ပြုလုပ်မည့် အာဆီယံလေတပ်အကြီးအကဲများ ညီလာခံ အာဆီယံနိုင်ငံအချို့ တက်ရောက်မည်မဟုတ်

By မဇ္ဈိမ 
08 September 2023
စစ်ကောင်စီက ပြုလုပ်မည့် အာဆီယံလေတပ်အကြီးအကဲများ ညီလာခံ အာဆီယံနိုင်ငံအချို့ တက်ရောက်မည်မဟုတ်

စစ်ကောင်စီက ပြုလုပ်မည့် အာဆီယံလေတပ်အကြီးအကဲများ ညီလာခံ အာဆီယံနိုင်ငံအချို့ တက်ရောက်မည်မဟုတ် ကြောင်း Justic for Myanmar(JFM) က ပြောဆိုလိုက်သည်။

စက်တင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ နေပြည်တော်တွင် ပြုလုပ်မည့် အဆိုပါညီလာခံကို အာဆီယံနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား နှင့် ဖိလစ်ပိုင်နိုင်ငံတို့က တက်ရောက်မည် မဟုတ်ကြောင်း AFP သတင်းကို ကိုးကားပြီး JFM က ထုတ်ပြန်သည်။

AFP သတင်းဖော်ပြချက်အရ ထိုင်းလေတပ်ဦးစီးချုပ် တစ်ဦးတည်းသာ ၂၀၂၃ AACC အစည်းအဝေးသို့ တက်ရောက်ရန် အတည်ပြုထားပြီး စင်ကာပူ၊ ဘရူနိုင်းနှင့် ဗီယက်နမ်လေတပ်တို့က မေးခွန်းများကို ပြန်လည်ဖြေကြားခြင်းမရှိ ကြောင်း၊ ကမ္ဘောဒီးယားလေတပ် ဦးစီးချုပ်မှ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ပြည်တွင်းနှင့် နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းများ၏ ကန့်ကွက်တောင်းဆိုမှုများကို ထောက်ရှု၍ လာမည့် အာဆီယံလေတပ်အကြီးအကဲများညီလာခံ (AACC) သို့ မတက်ရောက်ဘဲ အင်ဒိုနီးရှား၊ မလေးရှား နှင့် ဖိလစ်ပိုင်နိုင်ငံ တို့နည်းတူ ငြင်းဆိုရန် ကျန်ရှိသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို တောင်းဆို ကြောင်း JFM က ဆိုသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “AACC ကို တက်ရောက်ဖို့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့ ငြင်းဆိုလိုက်တာက စစ်အုပ်စုအပေါ် ထောက်ခံမှု ကျရှုံးနေပြီဆိုတဲ့ ရှင်းလင်း ခိုင်မာတဲ့ သတင်းစကား ပေးပို့လိုက်တာဖြစ်ပါတယ်။ အရေးယူခံရခြင်း လုံး၀မရှိဘဲ ရက်စက်ယုတ်မာမှုတွေ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်ကောင်တွေ အနေနဲ့ ဒေသတွင်းညီလာခံတစ်ခုရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ လုံးဝမဖြစ်သင့်ပါဘူး။အခြားအာဆီယံလေတပ်အကြီးအကဲတွေ အနေနဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့ရဲ့ စံနမူနာကို အတုယူပြီး တရားမ၀င်စစ်အုပ်စုနဲ့ အတူ AACC ကို တက်ရောက်ဖို့ ငြင်းဆန်သင့်ပါတယ်" ဟု  ပြောသည်။

မြန်မာစစ်အုပ်စု၏ လေတပ်ဦးစီးချုပ် ထွန်းအောင်သည် AACC ဥက္ကဋ္ဌဖြစ်ပြီး လက်ရှိတွင် လေကြောင်း စစ်ဆင်ရေးကို အသုံးပြု၍ အကြမ်းဖက်မှုများကျူးလွန်ခြင်း၊ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ် များအား သတ်ဖြတ်ခြင်း၊ နေအိမ်၊ စာသင်ကျောင်း၊ ဝတ်ပြုရာနေရာများနှင့် ကျေးရွာများ ဖျက်ဆီးခြင်း တို့ကို အမိန့်ပေး ညွှန်ကြားလျက်ရှိသည်ဟု JFM က ဆိုသည်။

" အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို ကာကွယ်ရေးဆိုင်ရာ အစည်းအဝေးတွေနဲ့ လှုပ်ရှားမှုတွေကနေ ကန့်သတ်ပိတ်ပင်ဖို့နဲ့ စစ်အုပ်စုက ပါဝင်လာတဲ့အခါ မတက်ရောက် ဘဲ ငြင်းဆိုဖို့ ကျွန်မတို့ အလေးအနက် တောင်းဆိုပါတယ်”ဟု JFM မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများအား အပြစ်ပေးအရေးယူခံရခြင်းအလျဉ်းမရှိပဲ ကျုးလွန်နေသည့် မြန်မာ့ လေတပ်၊ ကြည်းတပ်နှင့် ရေတပ် တို့အား အာဆီယံမှ တိုက်ရိုက် ပံ့ပိုးကူညီမှုများ ဆက်လက်ပေးအပ်နေမှုအပေါ် ရှုတ်ချကြောင်း
Justice For Myanmar က ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required