မုန်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး ထိခိုက်မှုများ

By YT (မဇ္ဈိမ)
31 August 2023
မုန်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး ထိခိုက်မှုများ
ဓါတ်ပုံ- စစ်တပ်​၏ လေကြောင်းတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီိးခံရမှုကြောင့် ပျက်စီးသွားသော သမန်းကျင်းကျေးရွာနှင့် ကညင်ကျရွာမှ ဒေသခံနေအိမ်အချို့ (ဓါတ်ပုံ- CJ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ ကျေးရွာများအတွင်း နှစ်ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်တွင် ခြောက်ဦးသေဆုံး၍ ၂၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့နှင့် ၂၈ ရက်နေ့ နှစ်ရက်ဆက်တိုက် မုန်းမြို့၊ သမန်းကျင်းကျေးရွာ၊ ကညင်ကျကျေးရွာနှင့် ကြက်တက်ညောင်ပင်သာကျေးရွာ တဝိုက်တွင် စစ်ကောင်စီတပ်သားများနှင့် KNU တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်တွင် ခြောက်ဦးသေဆုံး၍ ၂၀ နီးပါးထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး တပ်မဟာ (၃) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်တွင် တဦးကျဆုံး၍ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

" ၂၉ ရက်နေ့ကဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ခြောက်ယောက်လောက်ကျတယ်၊ ၂၀ နီးပါး ထိခိုက်ဒဏ်ရာရတယ်၊ PDF နှစ်ယောက် ဒဏ်ရာ ရတယ်။ ၃၀ ရက်နေ့၊ မနက် နယ်မြေရှင်းလင်းရေး လုပ်ဖို့သွားတဲ့ PDF ထဲက အရာရှိတယောက် ကျသွားတယ်။ ကြားမိသလောက်က အလောင်းတွေနားမှာ စစ်တပ်ဘက်က ကင်းပုန်းဝပ်ပြီး ပစ်လိုက်တာလို့ သိရတယ်" ဟု မြေပြင်သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။ 

အဆိုပါ တိုက်ပွဲအတွင်း အထိနာခဲ့သော စစ်ကောင်စီတပ်သားများသည် တိုက်ပွဲဖြစ်ပွားရာ သမန်းကျင်းကျေးရွာ၊ ကြက်တက်ညောင်ပင်သာကျေးရွာ၊ ကညင်ကျကျေးရွာအား ဩဂုတ်လ ၂၉ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ပြီး ကျေးရွာများအတွင်းရှိ ဒေသခံနေအိမ်များကိုပါ မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

လေကြောင်းတိုက်ခိုက်ခံရမှုနှင့် မီးရှို့ခံရမှုကြောင့် ကြက်တက်ညောင်ပင်ကျေးရွာ၊ သမန်းကျင်းကျေးရွာနှင့် ကညင်ကျကျေးရွာတို့မှ ဒေသခံနေအိမ် ၂၀ လုံးထက်မနည်း ပျက်စီးဆုံးရှုံးရကြောင်း သိရသည်။ 

" သမန်းကျင်းနဲ့ ကညင်ကျကို မီးရှို့သွားတာ၊ အဲ့ဒီရွာနှစ်ရွာက ဆက်နေတာ၊ နဂိုကတည်းကလည်းလူသိပ်မနေကြတော့ ရွာပျက်လိုဖြစ်နေတာ။ ဒါပေမယ့် အဲ့ရွာတွေထဲမှာ ပူးပေါင်းအဖွဲ့တွေအမြဲရှိတယ်။ အဲ့ရွာတွေဘက်ကပဲ အုတ်ဖြတ်တံတားမှာစောင့်နေတဲ့ စစ်သားတွေ ရဲတွေကို အလစ်အငိုက် စနိုက်ပါနဲ့ဆော်နေတာ" ဟု ဒေသတွင်းသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။ 

ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါကျေးရွာများ၌ တိုက်ပွဲများ ရပ်တန့်သွားပြီဖြစ်သော်လည်း ကျောက်ကြီးမြို့နယ်၊ သစ်ချဆိပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က ဂျက်ဖိုက်တာနှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး လက်ရှိအချိန်အထိလည်း စစ်ကောင်စီတပ်​၏ လေယာဉ်များ ဝဲလျက်ရှိနေကြောင်း သိရသည်။ 

" ဒီနေ့မနက်လည်း ကျွန်တော်တို့ မုန်းနဲ့ ကျောက်ကြီးသွားတဲ့လမ်းဘေးကရွာ သစ်ချဆိပ်ဆိုတဲ့ရွာမှာ တိုက်ပွဲ ဖြစ်နေတယ်။ ဂျက်ဖိုက်တာ နှစ်စီးလည်း လာပစ်တယ်။ ဟယ်လီကော်ပတာလည်း ငါးကြိမ်၊ ခြောက်ကြိမ်လောက်ရှိပြီ ပျံဝဲနေတာ" ဟု မြေပြင်သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။ 

ယနေ့ သစ်ချဆိပ်တွင် ဖြစ်ပွားနေဆဲ တိုက်ပွဲအခြေအနေအား မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly