ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်နေ၍ ပြည်ပဆန်တင်ပို့မှု ယာယီကန့်သတ်ရန် စီစဉ်

ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်နေ၍ ပြည်ပဆန်တင်ပို့မှု ယာယီကန့်သတ်ရန် စီစဉ်
Photo-AFP

ပြည်တွင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းချုပ်ရန်အတွက် ပြည်ပသို့ ဆန်တင်ပို့မှုများကို ယာယီ ကန့်သတ်ရန် စီစဉ်လျက် ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ဩဂုတ် ၂၅ ရက်တွင် ရိုက်တာကို ပြောသည်။

ကမ္ဘာလုံးဆိုင်ရာ ဆန် ထောက်ပံ့ရောင်းချမှု ကျပ်တည်းနေစဉ် ကမ္ဘာ့ ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယကလည်း ပြည်ပ ဆန်တင်ပို့မှုများအပေါ် ကန့်သတ်ထားသည်။

“ဒီလကုန်ကစပြီးတော့ ပြည်ပ ဆန်တင်ပို့မှုတွေကို ၄၅ ရက်လောက် ကျွန်တော်တို့ ယာယီ ကန့်သတ်သွားပါမယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အကြီးတန်းအဖွဲ့ဝင်တစ်ဦးက ရိုက်တာကို ပြောသည်။ ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် အာဏာပိုင်များဘက်က ပြည်ပတင်ပို့မှုများအပေါ် ကန့်သတ်ရန် အကြောင်းဖန်လာခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

မြန်မာသည် ဆန်တင်ပို့မှုတွင် ကမ္ဘာ့ ပဉ္စမမြောက် အများဆုံး တင်ပို့သူ နိုင်ငံဖြစ်ပြီး တစ်နှစ်လျှင် ဆန် မက်ထရစ်တန် ၂ သန်းကျော် ရောင်းချကြောင်း အမေရိကန် စိုက်ပျိုးရေးဌာန၏ ဒေတာအချက်အလက်များတွင် ဖော်ပြသည်။

အိန္ဒိယသည် ပြီးခဲ့သည့်လက ဘာစမာတီ မဟုတ်သော ဆန်ဖြူ တင်ပို့မှုများအပေါ် ပိတ်ပင်ခဲ့ပြီး ကမ္ဘာ့ဈေးကွက်ထံ တင်ပို့ရောင်းချမှုများကို တန်ချိန် ၁၀ သန်းခန့် သို့မဟုတ် ၂၀ ရာခိုင်နှုန်း လျော့ကျစေခဲ့သည်။

“မြန်မာက ဆန်ဈေးကွက်မှာ အိန္ဒိယ ဒါမှမဟုတ် ထိုင်းလိုမျိုး အဓိက တင်ပို့ရောင်းချသူတော့ မဟုတ်ဘူး။ ဒါပေမယ့် ဈေးကွက်ကို ထောက်ပံ့ရောင်းချမှုတွေ တင်းကျပ်နေတဲ့အချိန်မှာ ဒီ ကန့်သတ်မှုတွေက ဖြစ်လာပါတယ်” ဟု မွန်ဘိုင်း အခြေစိုက် ကုန်သည်တဦးက ပြောသည်။

“ဒါက ဈေးကွက်ထဲမှာ ဈေးတက်မယ့် အရိပ်လက္ခဏာကို ဖြစ်စေမှာဖြစ်သလို ဝယ်လက်တွေရဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း မြင့်တက်စေပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ဆန် ပြည်ပတင်ပို့မှုများအပေါ် ကန့်သတ်ရန် အိန္ဒိယက ဆုံးဖြတ်ပြီးနောက် ထိုင်း၊ ဗီယက်နမ် အပါအဝင် အဓိက ဆန်တင်ပို့သူနိုင်ငံများ ကမ်းလှမ်းရောင်းချသည့် ကမ္ဘာ့ဆန်ဈေးနှုန်းများက မြင့်တက်သွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required