ကျုံပျော်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရ အမျိုးသား ဖမ်းဆီးခံရ

By မင်းထက် (မဇ္စျိမ)
25 August 2023
ကျုံပျော်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရ အမျိုးသား ဖမ်းဆီးခံရ
ဓာတ်ပုံ - ဗုံးပေါက်ကွဲပြီးနောက် ကျုံပျော်မြို့နယ်စည်ပင်ရုံးရှေ့မြင်ကွင်း

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့တွင် ယနေ့ သြဂုတ်လ ၂၅ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်အချိန်က ဗုံးနှစ်လုံးဆက်တိုက်ပေါက်ကွဲခဲ့ပြီး  ဒဏ်ရာရ အမျိုးသားတဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ကျုံပျော်မြို့အဝင်၊ မြို့နယ်စည်ပင်သာယာရေးရုံးရှေ့နှင့် အင်းရဲလမ်းဆုံရှိ စစ်ကောင်စီတပ်ဖွဲ့ ၏ စစ်ဆေးရေးဂိတ်ရှိရာ နေရာအနီးတွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတဦးကပြောသည်။

"ဗုံးပေါက်တဲ့အနားမှာရှိတဲ့ ကောင်လေးတယောက် လက်ချောင်းတွေပြတ်ထွက်သွားတယ်။ ပထမအလုံးပေါက်တာမှာ အဲ့ဒီကောင်လေးထိသွားတာပါ။ သေတော့မသေဘူးဗျ။ ချက်ချင်းဖမ်းခေါ်သွားကြတယ်။ အဲ့ကောင်လေးက သာမန်ပြည်သူလား ဘာလားတော့မသိရသေးဘူး"ဟု ဒေသခံကပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ နေရာအနီးရှိ စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့များက အဆိုပါအမျိုးသားအား ဖမ်းဆီးခေါ်ဆောင်သွားကြခြင်းဖြစ်သည်ဟု သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြို့အနှံ့ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ပြီး ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက်မှ လူငယ် ၁၀ ဦးထက်မနည်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများက ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများကပြောသည်။

လက်ရှိတွင် ကျုံပျော်မြို့ပေါ်နေရာအနှံ့အပြား၌ စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများခြေရှုပ်နေသည်ဟုသိရပြီး ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့်အမျိုးသားအား ကျုံပျော်အခြေစိုက် အမှတ်(၃၆)ခြေလျင်တပ်ရင်းအတွင်းသို့ ခေါ်ဆောင်သွားကာ စစ်ဆေးမှုများပြုလုပ်နေကြသည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူများက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly