ကျိုက်ထိုတွင် BGF ဗိုလ်ကြီးနှင့် ဇနီးပစ်ခတ်ခံရပြီးသေဆုံး

By ဂျူချန်း(မဇ္ဈိမ)
25 August 2023
ကျိုက်ထိုတွင် BGF ဗိုလ်ကြီးနှင့် ဇနီးပစ်ခတ်ခံရပြီးသေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှ စစ်ကောင်စီလက်အောက်ခံ ကရင်ပြည််နယ်ခြားစောင့်တပ်BGFဗိုလ်ကြီးနှင့် ဇနီးဖြစ်သူသည်  ယမန်နေ့ ဩဂုတ်လ ၂၄ ရက် နံနက်က ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF နှင့်ပဲခူးစစ်ဒေသခွဲက သတင်းထုတ်ပြန်သည်။

ကျိုက်ထိုမြို့မှ BGFမှ စီးပွားရေးတာဝန်ခံ ဗိုလ်ကြီးဝင်းစိုးကို ဝေါမြို့နယ်ပကဖ နှင့် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တို့ ပူးပေါင်း၍ ကျိုက်ထိုမြို့ ကော့ထင်းကျေးရွာနှင့် ဘုရားကြီးကျေးရွာအနီးတွင် ဩဂုတ်လ၂၄ရက် နံနက်  ၇နာရီ ၃၀မိနစ်ခန့်က  ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။

BGF မှ ဗိုလ်ကြီးဝင်းစိုးမောင်းနှင်လာသော Mark II ကားကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ ကားမှာ မြောင်းထဲ ထိုးကျသွားပြီး ဗိုလ်ကြီးဝင်းစိုးနှင့် ဇနီးဖြစ်သူ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ပဲခူးစစ်ဒေသခွဲက ထုတ်ပြန်ထားသည်။ ထို့အပြင်သေနတ်နှစ်လက်၊ ဖုန်းတလုံးနှင့် သက်သေခံကတ်ပြားများ သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"သူက စီးပွားရေးအဓိကလုပ်တာ။ ပိုက်ဆံရ အကုန်လုပ်တယ်” ဟု KRF ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမ ကိုပြောသည်။

ဗိုလ်ကြီးဝင်းစိုးသည် ကျိုက်ထိုမြို့နယ်အတွင်း  ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်နေသူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က မြို့ခံအမျိုးသားတဦးကိုသေနတ်ဖြင့် ပစ်သတ်ခဲ့ဖူးကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် ၎င်းကိုယ်တိုင်လောင်းကစားဝိုင်းများကို ဦးဆောင်ပြုလုပ်ကာ ရဲများကိုသတင်းပေးဖမ်းခိုင်းပြီး ပေါင်းစားခြင်း၊  တရားမဝင် ကားမှောင်ခိုလုပ်ငန်း လုပ်ကိုင်ခြင်း၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီနှင့်  ပူးပေါင်း၍  သောင်နုမြေ ဧက ၃၀၀ ကို မတရား သိမ်းယူခြင်း၊ ကျေးရွာသူ/သားများထံမှ လယ်ယာမြေများကို ခြိမ်းခြောက်၍ ဈေးနှိမ်ဝယ်ယူခြင်း၊ ကျေးရွာများကို လျှပ်စစ်မီးကို ဖြတ်တောက်ခြင်း၊ မီတာခ၊ ဆက်ကြေးများ ကောက်ခံ၍ စစ်ကောင်စီထံ ပေးသွင်းခြင်း၊ ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် ဖမ်းဆီး ရိုက်နှက်နှိပ်စက်ခြင်း၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကို ထောက်လှမ်း၍  သတင်းပေး ဖမ်းဆီးခိုင်းခြင်းများကို ကျူးလွန်လုပ်ဆောင်ခဲ့သူ ဖြစ်ကြောင်း KRFနှင့်ပဲခူးစစ်ဒေသခွဲက ထုတ်ပြန်ထားသည်။

ဗိုလ်မှူးချုပ်အဆင့်ရှိ စောချစ်သူခေါင်းဆောင်သော ကရင်ပြည််နယ်ခြားစောင့်တပ် BGFသည် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တပ်အဖြစ်ရပ်တည်နေသည်။  ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် စစ်ကောင်စီနှင့်အတူ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။ 

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required