ရဲလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေနှင့် ဖွဲ့စည်းပုံ ထုတ်ပြန်

By ပါခွီး (မဇ္စျိမ)
21 August 2023
ရဲလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေနှင့် ဖွဲ့စည်းပုံ ထုတ်ပြန်
ပုံအညွှန်း - ပြည်နယ်အဆင့်အခြေခံအမှုစစ်သင်တန်းပြုလုပ်နေစဉ်(ဓါတ်ပုံ - ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့)

ချင်းပြည်နယ်အတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရန်နှင့် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေနှင့် ဖွဲ့စည်းပုံကို  ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ ယမန်နေ့ ဩဂုတ်လ ၂၀ ရက်နေ့ က ထုတ်ပြန်သည်။

စစ်အာဏာရှင်နှင့် ၎င်းတို့၏ငယ်သားများကို ဥပဒေညီအရေးယူနိုင်ရန် ၊ ဖက်ဒရယ်ဒီမိုကရေစီ ရဲတပ်ဖွဲ့ စနစ် ထွန်းကားရန်နှင့် ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ဖမ်းဆီး တရားစွဲဆိုနိုင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ပြင် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသည့် CDM ရဲများကို ပြန်လည်မှတ် တမ်းတင်ပြီး ရသင့်ရထိုက်သော အခွင့်အရေးများ ပြန်လည်ရရှိရန်နှင့် ပြည်နယ်ရဲအဖြစ် တာဝန်ထမ်း ဆောင်ရန် ရည်ရွယ်ကြောင်းဆိုသည်။

“ကျွန်တော်တို့နိုင်ငံမှာ ခုချိန်ကတည်းကစတင်ပြီးတော့ အရင်တုန်းကနဲ့လုံးဝမတူညီဘဲ ဖက်ဒရယ် ရဲတပ် ဖွဲ့စနစ်ကို စတင်ကျင့်သုံးနေပြီ။ တော်လှန်ရေးကာလဆိုပေမဲ့ စနစ်တကျနဲ့ ပြည်သူလူထုကို ဝန်ဆောင် မှုပေးမယ့်အကြောင်းကို သိစေလိုတဲ့အတွက် အခုလိုဖွဲ့စည်းပုံနဲ့ ဥပဒေကို ထုတ်ပြန်ရတာပါ” ဟု ချင်းပြည် နယ် ပြည်သူ့ရဲတပ်ဖွဲ့ ဥက္ကဋ္ဌ စတီဗင်က မဇ္စျိမကိုပြောသည်။

တော်လှန်ရေးကာလ အခြေအနေအမျိုးမျိုးကြောင့် ချင်းပြည်နယ်အတွင်း မတူညီသော နိုင်ငံရေးအဖွဲ့ အစည်းအသီးသီး၊ ပြည်သူ့တပ်မတော်အဖွဲ့အစည်းများစွာ ဆောင်ရွက်ကြသော်လည်း ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့အနေဖြင့် ဖက်ဒရယ်ရဲတပ်ဖွဲ့စနစ်နှင့်အညီ တပြည်နယ်လုံးတွင် ချင်းပြည်သူ့ရဲအနေဖြင့် အားလုံးအတူတကွ စိတ်တူကိုယ်တူ ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်ကို သိစေလိုသည်ဟု ဆိုသည်။

ချင်းပြည်သူ့ရဲတပ်ဖွဲ့သည် တော်လှန်ရေးကာလအတွင်း တာဝန်ထမ်းဆောင်မည့် မြို့နယ်ပြည်သူ့ရဲ တပ်ဖွဲ့ ဝင်များဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပကာ CDM ရဲအရာရှိများ ပါဝင်သည့် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့အုပ်ချုပ်ရေးယာယီကော်မတီကို ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ယင်းအဖွဲ့ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကြားဖြတ်ကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီမှအသိအမှတ်ပြုခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဌာန ပြည်သူ့ရဲတပ်ဖွဲ့နှင့် ၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် လွတ်လပ်တရားမျှတ၍ တန်းတူညီမျှမှုရှိနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ဖက်ဒရယ်ဒီမိုကရေစီနှင့်အညီ တရားဝင်မဟာမိတ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ဖော် ပြထားသည်။

ပြည်နယ်ရဲတပ်ဖွဲ့ကို ပြည်နယ်ရဲချုပ်မှ ရဲတပ်သားအထိ အဆင့် ၁၃ ဆင့်ဖြင့် ဖွဲ့စည်းထားပြီး ဖွဲ့စည်းပုံတွင် ရဲချုပ်၊ ဒုရဲချုပ်၊ ရဲဦးစီးချုပ်၊ ရဲရေးချုပ်၊ ရဲလေ့ကျင့်ရေးချုပ်၊ အထူးစစ်ဆင်ရေး ရဲတပ်ဖွဲ့မှူးကြီး၊ မူးယစ် တပ်ဖွဲ့မှူးကြီး၊ သတင်းရဲတပ်ဖွဲ့မှူးကြီး၊ ပြည်တွင်းပြည်ပ ဆက်ဆံရေးတပ်ဖွဲ့မှူးကြီးနှင့် အကျဥ်းဌာနမှူး ကြီးတို့ ပါဝင်ကြောင်း သိရသည်။

ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့သည် တော်လှန်ရေးကာလနှင့် တော်လှန်ရေးအောင် မြင်ပြီးသည့် နောက်ပိုင်းကာလများတွင်လည်း ပြည်သူလူထုအား တရားဥပဒေနှင့်အညီ ဆက်လက်ကာကွယ် စောင့် ရှောက်မည်ဖြစ်ကြောင်း ဆိုသည်။

ပြည်သူအားလုံးသဘောတူလက်ခံ ရွေးချယ်တင်မြှောက်သည့် ချင်းပြည်နယ်အစိုးရ ပေါ်ပေါက်သည့် အချိန်တွင် ၎င်းအစိုးရ၏ အုပ်ချုပ်ကွပ်ကဲမှုအောက်မှ ပြည်သူလူထုအတွက် တရားဥပဒေနှင့်အညီ ဆက် လက်တာဝန် ထမ်းဆောင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required