ထိုင်းတွင် ကားမတော်တဆမှုကြောင့် မြန်မာ ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

ထိုင်းတွင် ကားမတော်တဆမှုကြောင့် မြန်မာ ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ ကန်ချာနဘူရီပြည်နယ် မူအန်းခရိုင်တွင် ဩဂုတ် ၁၆ ရက် မနက်အစောပိုင်းက ပစ်ကပ်ထရပ်ကားတစီးက သစ်တင်ကုန်ကားတစီးကို နောက်မှ ဝင်တိုက်မိမှုကြောင့် ပစ်ကပ်ကားပေါ်ပါ အမျိုးသမီးတဦး သေဆုံးပြီး အခြားမြန်မာနိုင်ငံသား ငါးဦး ထိခိုက်ဒဏ်ရာများ ရခဲ့သည်ဟု သိရသည်။

လူသေဆုံးသော ထိုယာဉ်တိုက်မှုသည် ကေအန်းစီယမ် မြို့နယ် ပို့ဆောင်ရေးရုံးအရှေ့ အမြန်လမ်း ၃၂၃ တွင် ဖြစ်ပွားခြင်း ဖြစ်ကြောင်း မူအန်းခရိုင် ရဲဌာန၏ လက်ထောက်စစ်ဆေးရေးရဲအရာရှိ သမ်မာဝတ် ဆူခဝီးဝတ်က ပြောသည်။

ရဲများ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် ကယ်ဆယ်ရေးလုပ်သားများ ရောက်ရှိသွားချိန်တွင် ရှေ့ဘက်ခြမ်း၌ ဆိုးဆိုးရွားရွား ပျက်စီးနေသည့် ဆူရတ်ဌာနီ လိုင်စင်နံပါတ်ပြားပါ ပစ်ကပ်ကားတစီးကို တွေ့ခဲ့သည်။ ကားအတွင်း၌ အမျိုးသမီးတဦး သေဆုံးပြီး အခြားထိခိုက်ဒဏ်ရာရထားသူ ငါးဦး ပိတ်မိနေသည်ကို တွေ့ခဲ့ရသည်။

သေဆုံးသွားသည့် အမျိုးသမီးသည် သတိမေ့နေသည့် အသက် ခြောက်နှစ်အရွယ် ယောကျ်ားလေးတဦးကို ဖက်ထားသည်ကိုလည်း တွေ့ခဲ့ရသည်။

ကယ်ဆယ်ရေးလုပ်သားများသည် ကားထဲ ပိတ်မိနေသူများကို ထုတ်ကာ ဒဏ်ရာရသူများကို ဆေးရုံသို့ အားချင်း ပို့ဆောင်ခဲ့သည်။

စာရွက်စာတမ်းများအရ ကားပေါ်တွင် ပါလာသည့် ခရီးသည်များသည် ဆမွတ်ဆာခွန်းတွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ ဖြစ်ကြောင်းကို ထိုင်းရဲများက တွေ့ရှိခဲ့သည်။

ယာဉ်တိုက်မှုဖြစ်သည့် ပစ်ကပ်ကားနှင့် မီတာ ၃၀ ခန့်အကွာတွင် နောက်ပိုင်း ဆိုးဆိုးရွားရွား ထိခိုက်ထားသည့် နခွန်ပထုံ လိုင်စင်ပြားပါ သစ်တင် ၁၀ ဘီးကားတစီးကို တွေ့ခဲ့သည်။ ကားသမားဖြစ်သည့် ချတ် ဘိုဗွန်သန်နာဆန်းကလည်း ရဲများကို စောင့်ဆိုင်းနေခဲ့သည်။

၎င်းသည် ရတ်ချာဘူရီသို့ သစ်များ ပို့ဆောင်ရန် ကုန်တင်ထရပ်ကားကို မောင်းနှင်လာခြင်း ဖြစ်ကြောင်း မစ္စတာ ချတ်က ရဲများကို ပြောသည်။ ယင်းနောက် လမ်းဆုံတခုနား ရောက်ချိန်တွင် ယာဉ်နောက်ပိုင်းမှ ကျယ်လောင်သည့် တိုက်မိသံကို ကြားခဲ့ရပြီး နောက်မှ ဝင်ဆောင့်သည့် ပစ်ကပ်ကားမောင်းသူသည် အိပ်ငိုက်နေခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

စောင့်ကြည့် ကင်မရာတစ်ခု၏ ဗီဒီယိုအရလည်း ပစ်ကပ်ကားသည် ၁၀ ဘီးယာဉ်ကို နောက်မှ အရှိန်ဖြင့် ဝင်ဆောင့်ခဲ့သည်ကို ပြသသည်။

ပစ်ကပ်ကားမောင်းသူသည် ကိုသက်မွန် အမည်ရှိ မြန်မာနိုင်ငံသားတဦး ဖြစ်ကြောင်း ထိုင်းရဲများက သိရှိထားသည်။ ၎င်း၏ အခြေအနေ ကောင်းမွန်သက်သာလာပါက ၎င်းအား စစ်ဆေးမေးမြန်းရန် ရဲများက စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required