ဖားကန့် မြေပြိုမှု ပျောက်ဆုံးနေသူ ၃၀ ကျော်အနက် ရုပ်အလောင်း ၆ ခု တွေ့ရှ်ိထား

By ကချင်လေး (မဇ္ဈိမ)
15 August 2023
ဖားကန့် မြေပြိုမှု ပျောက်ဆုံးနေသူ ၃၀ ကျော်အနက် ရုပ်အလောင်း ၆ ခု တွေ့ရှ်ိထား
Photos- CJ (ပျောက်ဆုံးနေသူများအား ရှာဖွေနေစဉ်)

ဖားကန့်တွင် ကျောက်စိမ်းတူး‌ဖော်ရေးလုပ်ကွက်ဟောင်းမှ မြေစာပုံပြိုကျစဥ် ရေလှိုင်းနှင့်အတူမျောပါပျောက်ဆုံးနေသူများအနက် ခြောက်ဦး၏ ရုပ်အလောင်းကိုစတင်တွေ့ရှိပြီဟု ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောသည်။

ဖားကန့်မြို့၊မနကျေးရွာအနီးမှ ကျောက်စိမ်းတောင်လုပ်ကွက်ဟောင်းမြေစာပုံသည်  ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ရေကန်ဘက်သို့ ပြိုကျခဲ့ရာ  ကျောက်တူးနေသူများနှင့် ရေမဆေးကျောက်ရှာဖွေသူ ၃၆ ဉီးထက်မနည်း ရေနစ်မြုပ်ပျောက်ဆုံးခဲ့သည်။ ယနေ့ ဩဂုတ်လ ၁၅ရက် နံနက်တွင် ရုပ်‌အလောင်းအချို့ ရေပေါ်ပြန်ပေါ်လာပြီး နေ့လယ်၁၂နာရီခန့်အထိ ခြောက်လောင်း ရှာဖွေတွေ့ရှိထားသည်ဟု သိရသည်။

"မိုးများနေတော့ ရေထဲဆင်းရတာက အဆင်မပြေဘူးဗျ။ အလောင်းတွေက ရေဝသွားမှ ပေါ်လာမှာ။  ခုတော့ တလောင်းပြီးတလောင်းပေါ်နေတာ” ဟု ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသူတဦးက မဇ္ဈိမကိုပြောသည်။

ယနေ့တွေ့ရှိထားသည့် ရုပ်အလောင်းခြောက်လောင်းအနက် ကိုဖြိုးခိုင်နှင့် ကိုစိုးထွန်းသိန်းတို့၏ ရုပ်အလောင်းကိုသာ  နာမည်တကွ အတည်ပြုထားနိုင်ပြီး ကျန်လေးဦး၏ အမည်ကို မသိရှိရသေးပေ။ လက်ရှိအချိန်တွင် ဖားကန့်၌ မိုးသည်းထန်စွာရွာသွန်းနေသောကြောင့် ရုပ်အလောင်းရှာဖွေရာတွင်လည်း သတိထားဆောင်ရွက်နေကြရသည်။

မြေစာပုံပြိုကျမှု၌  ပျောက်ဆုံးနေသူ ၃၆ ဦးရှိကြောင်း သက်ဆိုင်သူများ၏ မိသားစုဝင်များက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံ စာရင်းလာပေးထားသည်။ ရုပ်အလောင်းများရှာဖွေရေးကို ယနေ့အထိ လုပ်ဆောင်နေဆဲဟု သိရသည်။

စာတည်း - မောင်ကြီး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required