ဖားကန့်က စစ်ကောင်စီ စရဖရုံးကို KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက် 

By အဂမ် (မဇ္ဈိမ)
25 September 2023
ဖားကန့်က စစ်ကောင်စီ စရဖရုံးကို KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက် 

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာက စစ်ကောင်စီ၏ စစ်ဖက်ရေးရာ လုံခြုံရေးတပ် (စရဖ)ရုံးကို KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ပူးပေါင်းတပ်တို့ ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၄ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသခံများထံမှ ကနဦး စုံစမ်းသိရသည်။

စစ်ကောင်စီ၏ စရဖရုံးနဲ့ ဆိုင်းတောင်ရပ်ကွက် (၁) က ရဲစခန်းကို KIAနဲ့ KPDF တို့က နှစ်ဖွဲ့ခွဲပြီး သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စရဖရုံးကို တိုက်ခိုက်သိမ်းပိုက်နေချိန် စစ်ကောင်စီတပ်ဘက်က စစ်ကူမလာနိုင်စေရန် ထိန်းထားသည့်သဘော ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA ရှေ့တန်းနှင့် နီးစပ်သော သတင်းရင်းမြစ်တဦးကလည်း မဇ္ဈိမကို အတည်ပြုသည်။

"ဟုတ်တယ်၊ အတိအကျတော့ ပြောလို့မရသေးဘူး၊ ကျနော် ခုနောက်ဆုံးကြားရတာ တပြိုင်ထဲ နှစ်နေရာကို ဝင်စီးခဲ့တယ်လို့လည်း ကြားနေတယ်၊ ကျနော်တို့ကြားတာ အဓိက စရဖရုံးကို ပစ်တာ၊ ရဲစခန်းကိုတော့ ဟိုဘက်သွားမကူနိုင်အောင် ထိန်းထားတဲ့သဘော ဝင်ပစ်တာလို့ ကြားတယ်၊ စစ်တပ်က တော်တော်ထိတယ်လို့ သိရတယ်" ဟု သတင်းရင်းမြစ်က ပြောသည်။

တိုက်ခိုက်မှုအတွင်း နှစ်ဖက်အထိအခိုက်အကျအဆုံးကိုတော့ မသိရသေးဘဲ မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၁၁ နာရီခွဲ အချိန်ထိ ဖားကန့်မြို့တွင် ပစ်ခတ်သံများ ဆက်ကြားနေရဆဲဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ  ၂၁ ရက်နေ့ကလည်း ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်ရှိ စစ်ကောင်စီ၏ ပန်းတင်ရဲကင်းစခန်းကို KPDF တွေကနေ အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများလည်း ရှိခဲ့သည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly