ဖားကန့် မြေစာပုံပြိုကျမှု ၃၄ ဦးထက်မနည်း ပျောက်ဆုံးနေ

By အဂမ် (မဇ္ဈိမ)
14 August 2023
ဖားကန့် မြေစာပုံပြိုကျမှု ၃၄ ဦးထက်မနည်း ပျောက်ဆုံးနေ
မနမှော်မြေပြိုမှုအပြီး မြင်ကွင်း Photo-CJ

ဖားကန့်မြို့နယ်၊ မနမှော်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် မြေပြိုမှု၌ ရေမဆေးရှာဖွေနေသူ(၃၄) ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း ဒေသခံများကပြောပြီး ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နေကြောင်း သိရသည်။

ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု၊မနမှော်မှ မြေစာပုံဟောင်းတခုသည်  သြဂုတ်လ ၁၃ ရက်နေ့ ညနေ  ၃ နာရီခွဲခန့်တွင် ရေမဆေးကျောက်ရှာဖွေသူအများအပြားရှိနေစဉ် ပြိုကျခဲ့သည်။  

မဇ္ဓျိမ၏ မြေပြင်သတင်းအဖွဲ့က ယ‌နေ့ ဩဂုတ်လ ၁၄ရက်နံနက်အထိ ရရှိထားသော  အချက်အလက်အရ မြေပြိုကျမှုကြောင့် ဒဏ်ရာရပြီး ဖားကန့်ဆေးရုံသို့ ပို့ဆောင်ထားသူရှစ်ဦးရှိပြီး  ပျောက်ဆုံးနေကြောင်း ကယ်ဆယ်ရေးအဖွဲ့ထံ နာမည်စာရင်းလာပေးထားသူ (၃၄) ဦး ထက်မနည်း ရှိနေသည်။

"ကျောက်စိမ်းတောင် လုပ်ကွက်ဟောင်းက ကမ်းပါးပြိုကျသွားပြီး အောက်ခြေက ရေကန်ထဲကို ကျသွားခဲ့တာပါ။အဲ့ဒီကနေ ရေလှိုင်းတွေဖြစ်ပြီး ရေမဆေးကျောက်ရှာဖွေနေသူတွေကို ကန်ထဲဆွဲချသွားခဲ့တာပါ" ဟု ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နေသူတဦးကပြောသည်။

မိုးများပါက နောက်ထပ်ပြိုကျနိုင်သည့် မြေစာပုံဟောင်းအချို့ရှိနေသေး၍ ကြိုတင်ကာကွယ်ရေးများ လုပ်ဆောင်သင့်ကြောင်း ဖားကန့်ဒေသခံအချို့က သတိပေးသည်။

ဖားကန့်‌ဒေသအပါအဝင် ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လဆန်းက မိုးကောင်းခဲ့ပြီး လာမည့် ရက်သတ္တပတ်အတွင်း၌လည်း မိုးသည်းထန်နိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က ယနေ့  သတိ‌ပေးချက်ထုတ်ပြန်ထားသည်။ 

ဖားကန့်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၅ရက်ကလည်း မိုးသည်းထန်စွာ ရွာသွန်းပြီး‌ အောင်သာယာ(၂)ကျေးရွာမှ မြေစာပုံပြိုကျခဲ့ရာ ကလေးနှစ်ယောက် မိခင်အမျိုးသမီးတဦး ရေနစ်မြုပ်သေဆုံးခဲ့ပြီးအမျိုးသား ငါးဦး ဒဏ်ရာရခဲ့သည်။

စာတည်း - မောင်ကြီး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly