ဖားကန့် ကသိုင်းတောင်စစ်စခန်းကို KIA၊PDF ပူးပေါင်းတပ် တ်ိုက်ခိုက်သိမ်းပိုက်

By အဂမ် (မဇ္ဈိမ)
07 August 2023
ဖားကန့် ကသိုင်းတောင်စစ်စခန်းကို KIA၊PDF ပူးပေါင်းတပ် တ်ိုက်ခိုက်သိမ်းပိုက်
ဓာတ်ပုံ- ယနေ့ အသိမ်းခံလိုက်ရသည့် ကသိုင်းတောင် စကစတပ်စခန်း (photo/Mizzima)

ဖားကန့်မြို့ရှိ ကသိုင်းတောင်စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA ‌ရှေ့တန်းမြေပြင်သတင်းရင်းမြစ်က မဇ္ဈိမကို အတည်ပြုသည်။

KIA တပ်မဟာ (၉)၊ တပ်ရင်း (၆) ပါဝင်သည့် KIA၊ PDF ပူးတပ်ဖွဲ့များက ယနေ့ ဩဂုတ်လ ၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် စတင်တိုက်ခိုက်ပြီး နံနက် ၈နာရီ ခွဲခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဟု သိရသည်။ 

" စခန်းသိမ်းပြီး ရှင်းလင်းရေးလုပ်ခဲ့ပါတယ်။လက်နက်ခဲယမ်းတွေအများကြီးရတယ်" ဟု သတင်းရင်းမြစ်တဦးက ပြောသည်။

ကသိုင်းတောင်စစ်ကောင်စီတပ်စခန်းသည် နမ့်မှော်- တာမခန်သို့သွားသည့် သွားလမ်းပေါ်တွင်ရှိပြီး စစ်အင်အား ၃၀ နီးပါးဖြင့် တပ်စွဲထားသည့် စခန်းဖြစ်သည်။ စစ်ရေးအရ အချက်အချာကျသည့်နေရာဟု  ကေအိုင်အေသတင်းရင်းမြစ်များကပြောသည်။ 

၃ နာရီကျော်ကြာခဲ့သည့်  အဆိုပါတိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိကြောင်း သတင်းများ ထွက်နေပြီး အသေးစိတ်ကို အတည်မပြုနိုင်သေးပေ။

တိုက်ပွဲဖြစ်ပွားနေချိန်တွင် ကသိုင်းတောင်ဝန်းကျင်အား ဖားကန့်တပ်မကုန်းမှလက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သကဲ့သို့ ယနေ့ မွန်းတည့် ၁၂ နာရီအထိလည်း ဆက်လက်ပစ်ခတ်နေဆဲဟု ဒေသခံများက မဇ္ဈိမကို ပြောသည်။

ကမ္ဘာကျော် ကျောက်စိမ်းတုံးများ ထွက်ရှိရာ ဒေသဖြစ်သည့် ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်နှင့် KIA၊PDFပူးပေါင်းတပ်ဖွဲ့ကြား စစ်ရေးတင်းမာနေပြီး  တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ် ။ မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly