မြောင်မြို့ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်

By MTO (မဇ္စျိမ)
14 August 2023
မြောင်မြို့ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်
ပုံအညွှန်း - ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုပြုလုပ်သည့် မှတ်တမ်း။(ဓာတ်ပုံ-CDSOM)

စစ်ကိုင်းတိုင်း၊ မြောင်မြို့ရှိ ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်‌‌ရေးမှူးရုံးကို ဩဂုတ်လ ၁၃ ရက်နေ့ နံနက်အစောပိုင်းက တပြိုင်တည်းတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေး အဖွဲ့(CDSOM)ထံမှ သိရသည်။

ဒရုန်းတပ်ဖွဲ့နှင့်မြေပြင်တပ်ဖွဲ့များပူးပေါင်းကာ မြေပြင်နှင့်ဝေဟင်မှ တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း CDSOM အဖွဲ့ ခေါင်းဆောင် ကိုနွေဦးက ပြောသည်။

“ဒရုန်းအဖွဲ့က သူတို့ဘက်က ကောင်တာပြန်ပစ်နိုင်တဲ့ နေရာတွေ၊ လက်နက်ကြီးထားတဲ့ နေရာတွေကို ဒရုန်းနဲ့တောက်လျှောက်ပစ်တယ်။ မြေပြင်က လက်နက်ကြီးတွေအားပြုပစ်ခတ်ပြီး အနီးကပ်လည်း ဝင် ပစ်တယ်” ဟု ၎င်းကဆိုသည်။

တိုက်ပွဲဖော်ဆောင်ချိန် နှစ်နာရီခန့် ကြာမြင့်ခဲ့ပြီး  အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ပုံမှန်အားဖြင့် စစ်ကောင်စီတပ်ဖွဲ့ဘက်က အပြင်းအထန် ပြန်လည်ပစ်ခတ်ခြင်း၊ ဆုတ်ခွာချိန်တွင် လိုက်လံ ပစ်ခတ်ခြင်းမျိုး ပြုလုပ်လေ့ရှိသော်လည်း ယခုတိုက်ပွဲတွင် ထိုကဲ့သို့ လုပ်ဆောင်ခြင်းမရှိကြောင်း ကိုနွေဦး က ပြောသည်။

“ကျနော်တို့ဘက်က လက်နက်ကြီးပစ်ခတ်မှုတွေဟာ ပစ်မှတ်ကိုထိမှန်မှုတွေရှိခဲ့တယ်။ ခါတိုင်းဆို အခုလို တိုက်ပွဲပြီးသွားရင် အနီးအနား နေအိမ်တွေကို ဝင်စစ်တာ၊ မသင်္ကာတဲ့ လူငယ်တွေဆို ဖမ်းဆီးတာမျိုး ရှိ တယ်။ အခုတခေါက်မှာတော့ အဲ့လိုမျိုးတွေ လုပ်နိုင်တာမတွေ့ဘူး။ အထဲမှာ ထိခိုက်ဒဏ်ရာရတာတွေ များလို့ထင်တယ်” ဟု ဆိုသည်။

ယခုတိုက်ခိုက်မှုကို ဒရုန်းအဖွဲ့သုံးဖွဲ့နှင့် မြေပြင်မဟာမိတ်အဖွဲ့ ၁၈ ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM) က ထုတ်ပြန်ထားသည်။

စာတည်း။      ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly