ဖရူဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း KNDF ပြော

By ဂျူချန်း (မဇ္ဈိမ)
14 August 2023
ဖရူဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း KNDF ပြော
ဓါတ်ပုံ-ဩဂုတ် ၁၂ ရက်နေ့ ဖရူဆိုတိုက်ပွဲတွင် သိမ်းဆည်းရမိထားသည့် လက်နက်ခဲယမ်းများ

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတခုအား ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အကျအဆုံး၊ အထိအခိုက် များပြားပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

ထီးသော်ကူးကျေးရွာအတွင်း အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ (၁၁၂)မှ စစ်ကောင်စီတပ်သားများကို ဩဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုနေရာတဝိုက်တွင် လက်ရှိအချိန်ထိ နှစ်ဘက်စစ်ရေးတင်းမာကာ တိုက်ပွဲများ ဖြစ်ပွားနေဆဲဟု KNDF က ပြောသည်။

“စစ်ရေးက မပြီးပြတ်သေးဘူးပေါ့လေ၊ ခုချိန်အထိ နေ့ရော၊ ညရော ထိတွေ့တိုက်ပွဲတွေဖြစ်နေတော့ အခြေအနေငြိမ်မှပဲ တိတိကျကျ ထုတ်ပေးပါမယ်၊ အဲ့ဒီရက်မှာတော့ ကျနော်တို့ ကာကွယ်ရေးဘက်က ဒဏ်ရာအနည်းငယ်ရတာ ရှိတာပေါ့” ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူတဦးက မဇ္ဈိမ ကို ပြောသည်။

သိမ်းဆည်းရမိသည့် လက်နက်များမှာ MA-1 လေးလက်၊ MA-4 တလက်၊ MA-3 တလက်၊ အီနာဂါဗုံးသီး ၂၃ ခု၊ ၆၀ မမ ဗုံးသီး ရှစ်လုံး၊ လက်ပစ်ဗုံး ငါးလုံး၊ M- 14 နင်းမိုင်း နှစ်လုံး၊ ၄၀ မမ ဗုံးသီး ခြောက်လုံး၊ RPG ထိပ်ဖူး ကိုးခု၊ MA magazine ၁၃ ခု၊ ပို့ယမ်း ငါးချောင်းနှင့် ကျည်ဆံများဖြစ်ကြောင်း KNDF က ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်သားများလွယ်သည့် ခြင်းကျား ကိုးလုံးကိုလည်း သိမ်းဆည်းရမိထားကြောင်း ဆိုသည်။

ဩဂုတ်လ ၁၂ ရက်နေ့ ဖရူဆိုတိုက်ပွဲအတွင်း သေဆုံးသူများအနက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်မှုထမ်းကောင်းတံဆိပ်ချီးမြှင့်ထားသည့် ဒုတပ်ကြပ်အောင်နိုင်ဝင်းလည်း ပါဝင် ကြောင်း KNDF ဒု-စစ်ဦးစီးချုပ်မာဝီက ၎င်း၏ ဖေစ်ဘွတ်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များကြား ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့မှ စတင်ကာ လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

စာတည်း။    ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required