အမေရိကန်သို့သွားမည့် တရုတ်ရှေ့နေတစ်ဦး ထိုင်းနယ်စပ်တွင် ဖမ်းဆီးထိန်းသိမ်းခံရ 

အမေရိကန်သို့သွားမည့် တရုတ်ရှေ့နေတစ်ဦး ထိုင်းနယ်စပ်တွင် ဖမ်းဆီးထိန်းသိမ်းခံရ 

တရုတ်လူ့အခွင့်အရေးရှေ့နေ လူဆီဝေသည် အမေရိကန်နိုင်ငံသို့ သွားရောက်ရာခရီးစဉ်အတွင်း လာအိုနိုင်ငံရှိ ထိုင်းနယ်စပ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် ၎င်းအား တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းနှင့် ထောင်ကျရန် သေချာသလောက်ရှိသည့် အခြေအနေများမှ တားဆီးရန် ကြိုးပမ်းမှုများ တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း Washington Post သတင်းတွင် ဩဂုတ် ၅ ရက်က ဖော်ပြထားသည်။ 

လူဆီဝေသည် လွန်ခဲ့သည့် ၂ ပတ်က ထိုင်းနယ်စပ်ရှိ သန်နာလန် ရထားဘူတာအနီးတွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီး ၎င်း အမြန်ဆုံးလွှတ်မြောက်လာရန် လုပ်ဆောင်နိုင်လိမ့်မည်ဟု ၎င်း၏ ရှေ့နေများက ယုံကြည်နေကြကြောင်း Washington Post သတင်းတွင် ဖော်ပြထားသည်။ စာရွက်စာတမ်းကိစ္စဖြင့် ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း လာအိုအာဏာပိုင်များက ကနဦးတွင် ပြောကြားခဲ့သည်။ သို့သော် လူ့အခွင့်အရေးအဖွဲ့များက တောင်းဆိုမှုများ ပြုလုပ်ပြီးနောက် ၁ ပတ်အကြာ ဩဂုတ်လ ၉ ရက်တွင်မူ အဆိုပါ ပြောဆိုချက်ကို ပြန်ပြင်ခဲ့သည်။  

ယင်းအမှုသည် ယခုအခါ နိုင်ငံရေး ကိစ္စဖြစ်သွားပြီး အဆင့်မြင့်ဆုံး အစိုးရတာဝန်ရှိသူများက ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း လူဆီဝေ၏ ရှေ့နေများအား ပြောကြားခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သော အကျိုးအမြတ်မယူသည့် လူ့အခွင့်အရေးအဖွဲ့ဖြစ်သော China Aid ၏ အမှုဆောင်ညွှန်ကြားရေးမှူး ချဒ်ဘူလာ့ဒ်က ပြောကြားခဲ့သည်။  

၎င်းအမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံက တရားဝင်သဘောထား ထုတ်ပြန်ခြင်း မရှိသေးသော်လည်း အဆိုပါ ဖမ်းဆီးထိန်းသိမ်းမှု၏ နောက်ကွယ်တွင် တရုတ်အစိုးရ ပါဝင်ပတ်သက်နေသည်မှာ သေချာသလောက်ရှိပြီး ၎င်းကို တရုတ်နိုင်ငံသို့ ပြန်ပို့ချင်နေသည်ဟု ယုံကြည်ကြောင်း လူဆီဝေ၏ ဇနီး ကျန်းချွန်းရှောက်က ပြောကြားခဲ့သည်။  

 “ကျွန်မအမျိုးသားကို တရုတ်ကို ပြန်ပို့မယ်ဆိုရင် သူ့အတွက်၊ ကျွန်မတို့မိသားစုနဲ့ လူ့အခွင့်အရေးရှေ့နေတွေအတွက် အင်မတန်ဆိုးရွားတဲ့ဒုက္ခတွေ ကြုံတွေ့ရလိမ့်မယ်” ဟု ကျန်းက ၎င်း လက်ရှိနေထိုင်ရာ အမေရိကန်နိုင်ငံတွင် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ကြောင်း Washington Post သတင်းတွင် ကိုးကားဖော်ပြခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required