ခုံးကျော်တံတားနှစ်စင်း တည်ဆောက်ရန်လျာထားငွေအား စည်ပင်သာယာနယ်နိမိတ်ပြင်ပ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သုံးမည်

ခုံးကျော်တံတားနှစ်စင်း တည်ဆောက်ရန်လျာထားငွေအား စည်ပင်သာယာနယ်နိမိတ်ပြင်ပ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သုံးမည်
ဓာတ်ပုံ-မျိုးသူအောင်

ရန်ကုန်၊ ဧပြီ ၆ ။       ။ ယခင်အစိုးရမှ ရေးဆွဲခဲ့သည့် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရ ဥပဒေကြမ်းတွင်ပါဝင်သည့် မြောက်ဥက္ကလာပ ခုံးကျော်တံတားနှင့် ပါရမီခုံးကျော် တံတားတည်ဆောက်ရန် လျာထားငွေအား ရန်ကုန်မြို့ တော် စည်ပင်သာယာ နယ်နိမိတ်ပြင်ပရှိ မြို့နယ်နှင့်ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေး အတွက် အသုံးပြုရန် တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုဆုံးဖြတ်လိုက်သည်။

ဧပြီလ ၆ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းဝေး (၁၃)ရက် မြောက်နေ့တွင် ယင်းစီမံကိန်းပါ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရ ဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ အတည်ပြုချက်ရယူခဲ့ခြင်း ဖြစ်သည်။

ယင်း ခုံးကျော်တံတားနှစ်စင်း ဆောက်လုပ်ရန် လျာထားသည့် ကျပ်သန်းပေါင်း(၃၂) ဘီလီယံကို ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်ပြင်ပရှိ မြို့နယ်နှင့် ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေး   ဆောင်ရွက်ရန်အတွက် အသုံးပြုသင့်ကြောင်း ရန်ကုန်တိုင်း ဒေသ ကြီး လွှတ်တော် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးကော်မတီက မတ် ၂၂ ရက်နေ့ အကြံပြုခဲ့သည်။

ယင်းအကြံပြုချက်အရ  ဧပြီ ၅ရက်နေ့ကပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအစည်းအဝေးတွင် မြို့နယ်နှင့် ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly