မြန်မာပြည်သူနှင့်အတူ ရပ်တည်ကြောင်း U.S နှင့် U.K သံရုံးများမှ “၈၈၈၈” အထိမ်းအမှတ်နေ့တွင်ထုတ်ပြန်

By ဂျူချန်း (မဇ္ဈိမ)
08 August 2023
မြန်မာပြည်သူနှင့်အတူ ရပ်တည်ကြောင်း U.S နှင့် U.K သံရုံးများမှ “၈၈၈၈” အထိမ်းအမှတ်နေ့တွင်ထုတ်ပြန်
ပုံအညွှန်း - ဆူးလေလမ်းမ လူကူးကုန်းကျော်တံတားပေါ်တွင် ၈၈၈၈ စာတန်းပါ အင်္ကျီများကိုချိတ်ဆွဲ၊ ဩဂုတ် ၈၊ ၂၀၂၃ ဓာတ်ပုံ-DPNS)

ယနေ့ ဩဂုတ်လ ၈ ရက်တွင် ကျရောက်သည့် ၃၅ နှစ်မြောက် “၈၈၈၈” လူထုအရေးတော်ပုံ အထိမ်းအမှတ်‌နေ့တွင် မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဟု အမေရိကန်သံရုံးနှင့် ဗြိတိသျှသံရုံးတို့က ထုတ်ပြန်သည်။

ဒီမိုကရေစီရရှိရေးအတွက် ဆယ်စုနှစ်ချီကာ ကြိုးပမ်းနေသည့် မြန်မာပြည်သူလူထု၏ စိတ်ဓာတ်နှင့် ရဲရင့်မှုများကို လေးစားဂုဏ်ယူကြောင်းနှင့် ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူနှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း အမေရိကန်သံရုံးနှင့် ဗြိတိသျှသံရုံးတို့၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီအား မြန်မာပြည်သူတို့၏ ရပိုင်ခွင့်ဖြစ်သည့် လူ့အခွင့်ရေးများကို လေးစားလိုက်နာပေးရန်အတွက်လည်း အမေရိကန်သံရုံးက တောင်းဆိုထားသည်။ 

“မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပြီး ပြည်သူများ၏ ဒီမိုကရေစီလိုလားတောင့်တမှုနှင့် လူအခွင့်အရေးများကို လေးစားလိုက်နာရန် စစ်အာဏာရှင်အဖွဲ့အစည်းကို တောင်းဆိုပါသည်” ဟု အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက်တွင် စတင်ခဲ့သော “၈၈၈၈” အရေးတော်ပုံကြီးသည် မြန်မာနိုင်ငံတွင် လူတန်းစားအလွှာပေါင်းစုံပါဝင်သည့် အကြီးမားဆုံးသော လူထုလှုပ်ရှားမှု တစ်ခုအဖြစ် သမိုင်းဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်အာဏာသိမ်းမှုကြောင့် နွေဦးတော်လှန်ရေး ထပ်မံပေါ်ပေါက်ခဲ့သည်။

“၈၈၈၈” အရေးတော်ပုံတွင် မပြီးဆုံးခဲ့သည့် စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းရေး လူထုတိုက်ပွဲသည် ၂ဝ၂၁ ခုနှစ် နွေဦးတော်လှန်ရေးတွင် အဆုံးသတ်နိုင်လိမ့်မည်ဟု “၈၈၈၈” တွင် ပါဝင်ခဲ့ကြသည့် နိုင်ငံရေးသမားများက မှတ်ချက်ပြုကြသည်။

ယနေ့တွင် ထိုင်းနိုင်ငံရှိ အမေရိကန်သံရုံးရှေ့၌ ထိုင်းရောက်မြန်မာနိုင်ငံသားများက ထိုင်းအစိုးရနှင့် အမေရိကန်သံရုံးတို့၏ ခွင့်ပြုချက်ဖြင့် “၈၈၈၈” အရေးတော်ပုံ ၃၅ နှစ်မြောက် အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ခု လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဖိနှိပ်မှုများကြားမှ “၈၈၈၈” အရေးတော်ပုံ လူထုလှုပ်ရှားများ ဆင်နွှဲနေကြပြီး ဩဂုတ်လ ၅ ရက်နေ့ကလည်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ နှင့် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တို့၌ ပြည်ပရောက်မြန်မာများ စုဝေးကာ ၃၅နှစ်‌မြောက် “၈၈၈၈” အရေးတော်ပုံ အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required