ဘားအံနှင့် ဘီးလင်းတွင် ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်း ၁၄ ခု ဖွင့်လှစ် ၊ ရေဘေးသင့် ဒေသခံ ၆,၀၀၀ ရှိ 

By YT (မဇ္ဈိမ)
06 August 2023
ဘားအံနှင့် ဘီးလင်းတွင် ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်း ၁၄ ခု ဖွင့်လှစ် ၊ ရေဘေးသင့် ဒေသခံ ၆,၀၀၀ ရှိ 
ပုံအညွှန်း- ဘားအံမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ဖွင့်လှစ်ထားသော ယာယီကယ်ဆယ်ရေးစခန်းများ (ဓါတ်ပုံ- မိုးမြင့်ထက် )

မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေစီးဆင်းမှု၊ သံလွင်မြစ်ရေနှင့် ဘီးလင်းမြစ်ရေ မြင့်တက်မှုတို့ကြောင့် ကရင်ပြည်နယ် ၊ ဘားအံမြို့နယ်နှင့် မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် အရေးပေါ် ကူညီကယ်ဆယ်ရေးစခန်း ၁၄ ခုရှိ ရေဘေးသင့်ပြည်သူ ၆,၀၀၀ အား အကူအညီပေးနေရကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းများထံက သိရသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ စခန်းငါးခုတွင် မြို့နယ်အနိမ့်ပိုင်းရပ်ကွက်များမှ လူဦးရေ ၁,၅၆၆ ဦးအား ကူညီထာက်ပံ့မှုများ ပြုလုပ်ပေးလျက်ရရှိကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းတစ်ခုထံက သိရသည်။  မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ်တွင် စခန်း ကိုးခု ဖွင့်လှစ်ထားရှိပြီး လူဦးရေ ၄,၂၀၀ ကို ကူညီထောက်ပံ့ခဲ့ပြီး လက်ရှိထိုစခန်းများတွင် ၃,၄၀၀ ကျော်သာရှိတော့ကြောင်း သိရသည်။ 

" လက်ရှိကတော့ ကယ်ဆယ်ရေးစခန်းက ငါးခုပေါ့နော်။ မိုးကလည်း ရွာနေသေးတယ် အများကြီးတော့ မဟုတ်တော့ပါဘူး။  ဒါပေမဲ့ ရေက မကျသေးတော့ ဆက်စောင့်ကြည့်ရဦးမယ်" ဟု ဘားအံမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ကူညီမှုပြုလုပ်ပေးနေသည့် သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။ 

ပုံအညွှန်း- ဘားအံမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ဖွင့်လှစ်ထားသော ယာယီကယ်ဆယ်ရေးစခန်းများ (ဓါတ်ပုံ- မိုးမြင့်ထက် )

ဘားအံမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့မှစ၍ မိုးရွာသွန်းမှု၊ တောင်ကျရေစီးဆင်းမှုနှင့် သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ဘားအံမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ 

ယနေ့ ဩဂုတ်လ ၆ ရက်နေ့၊ ညနေ ၇ နာရီ မေးမြန်းချက်အရ ဘားအံမြို့နယ်တွင် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက် နှစ်ပေ သုံးလက်မခွဲခန့် မြင့်တက်နေပြီး မိုးရွာသွန်းမှု အနည်းငယ်ရှိနေသေးကြောင်း သိရသည်။ 

ပုံအညွှန်း- ဘားအံမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ဖွင့်လှစ်ထားသော ယာယီကယ်ဆယ်ရေးစခန်းများ (ဓါတ်ပုံ- မိုးမြင့်ထက် )

ထို့အတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင်လည်း ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်မှစတင်၍ မိုးရွာသွန်းမှု၊ တောင်ကျရေစီးဆင်းမှု၊ ဘီးလင်းမြစ်ရေ  မြင့်တက်မှုတို့ကြောင့်  ဘီးလင်းမြို့နယ်ရှိ အနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်များ၊ ဘီးလင်းမြစ်ကမ်းနားဘေးရှိ ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး ရန်ကုန်- မော်လမြိုင်အဝေးပြေးလမ်းမကြီးပေါ်အထိ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း သိရသည်။ 

လက်ရှိတွင် အဆိုပါ ရေဘေးသင့်ဒေသများအတွက် ယာယီကူညီကယ်ဆယ်ရေးစခန်း ကိုးခု ဖွင့်လှစ်ထားရှိပြီး ရေဘေးသင့်ပြည်သူ ၃,၄၀၀ ကျော်အား ထားရှိကာ အစားအသောက်၊ ရေ မှစ၍ လိုအပ်သည့် အကူအညီများကို လူမှုကူညီရေးအသင်းများ၊ အလှူရှင်များမှ ဆက်လက်အထောက်အပံ့ပြု ကူညီနေကြကြောင်း သိရသည်။ 

" ကယ်ဆယ်ရေးစခန်းက ကိုးခုဖွင့်ထားရတယ်။ လူဦးရေက အကုန်လုံးက ၄,၂၀၀ လောက်ရှိတယ် ပထမက။ အဲ့ဒီထဲမှာမှ တချို့တဝက်က ရေကျသွားလို့ ပြန်နေနေလို့ရနေပြီဆိုတော့ လက်ရှိ လူဦးရေက ၃၄၀၀ လောက်တော့ ရှိသေးတယ်" ဟု ဘီးလင်းမြို့နယ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ပုံအညွှန်း- ဘားအံမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ဖွင့်လှစ်ထားသော ယာယီကယ်ဆယ်ရေးစခန်းများ (ဓါတ်ပုံ- မိုးမြင့်ထက် )

ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင် မိုးရွာသွန်းမှု လျော့နည်းခဲ့ပြီး ဘီးလင်းမြစ်ရေသည်လည်း အနည်းငယ် လျော့ကျသွားကြောင်း၊ ရန်ကုန်- မော်လမြိုင်ကားလမ်းမကြီးပေါ်တွင် ရေလွှမ်းမိုးမှုများ မရှိတော့၍ ခရီးသည်ယာဉ်များ၊ အိမ်စီးကားများသာမက ဆိုင်ကယ်များပါ ပုံမှန်အတိုင်း သွားလာနိုင်နေပြီဖြစ်ကြောင်း သိရသည်။ 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန​၏ ယနေ့ ဩဂုတ်လ ၆ ရက်နေ့၊ နေ့လယ် ၁ နာရီ ထုတ်ပြန်ချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့နယ်တွင် စိုးရိမ်ရေမှတ်အထက် နှစ်ပေခွဲခန့် ကျော်လွန်နေပြီး ဩဂုတ်လ ၈ ရက်နေ့အထိ အဆိုပါ ရေအမှတ်တွင် ဆက်လက်တည်ရှိနေနိုင်ကြောင်း၊ ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် တစ်ပေခန့် မြင့်တက်နေပြီး ဩဂုတ်လ ၇ ရက်နေ့တွင် ရေပြန်ကျနိုင်ကြောင်း သိရသည်။

ပုံအညွှန်း- ဘားအံမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ဖွင့်လှစ်ထားသော ယာယီကယ်ဆယ်ရေးစခန်းများ (ဓါတ်ပုံ- မိုးမြင့်ထက် )

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required