ကချင်ပါတီ ၃ခုပူးပေါင်းကာ ပါတီတစ်ခုအဖြစ်ပြန်ဖွဲ့စည်းရန် သဘောတူ

ကချင်ပါတီ ၃ခုပူးပေါင်းကာ ပါတီတစ်ခုအဖြစ်ပြန်ဖွဲ့စည်းရန် သဘောတူ
ဓာတ်ပုံ - Ksdp Kachin

ချင်းမိုင်၊ ဧပြီ  ၆ ရက် ။               ။ ကချင်ပြည်သူလူထု၏ ဆန္ဒအရ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ(KSDP)၊ ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ရက် ပါတီ(KNCD)နှင့် ကချင်ဒီမိုကရက်တစ်ပါတီ (KDP)စသည့် ကချင်နိုင်ငံရေးပါတီ ၃ ခု ပေါင်းစည်းကာ ပါတီတစ်ခုအဖြစ် ပြန်လည် ဖွဲ့စည်းရန် မူအားဖြင့် သဘောတူလိုက်သည်ဟု KSDP ပါတီ ဥက္ကဌ ဒေါက်တာ မနမ်တူးဂျာက ပြောသည်။

“ပါတီကွဲပြားရင် စိတ်ဝမ်းကွဲပြားပြီးတော့ မဲအောင်နိုင်ရေးမှာလည်း အများကြီး ထိခိုက်တယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ က ဘာဘဲဖြစ်ဖြစ် ရေရှည်အတွက် တစ်ပါတီထဲ တည်ထောင်ဖို့ အရေးကြီးတယ်လို့၊ ပြည်သူတွေရဲ့ တိုက်တွန်းမှုလည်း ရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ပဏာမ ဆွေးနွေးတာပါ။ အားလုံးလည်းလက်ခံဖို့ အဆင့်ရောက်သွားပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်ရှိ KDP ပါတီရုံးတွင် ဧပြီ၂ ရက်က ပါတီခေါင်းဆောင်များ အစည်း အဝေး ကျင်းပ၍ ပါတီများ ပေါင်းစည်းနိုင်ရေး လုပ်ငန်းများ ဖော်ဆောင်ရန် တစ်ပါတီမှ ၅ ဦးစီဖြင့် ၁၅ ဦး ပါဝင်သော လုပ်ငန်းကာ်မတီ တစ်ရပ်ကိုလည်း ဖွဲ့စည်းလိုက်သည်ဟု ဒေါက်တာတူးဂျာက ပြောသည်။

လာမည့် မေလ အတွင်း ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များ ထပ်မံ တွေ့ဆုံဆွေးနွေး၍ ပါတီများ ပူးပေါင်းရေးအတွက် မူဝါဒပိုင်းဆိုင်ရာ၊ ပါတီအမည်နှင့် အလံ၊အမှတ်တံဆိပ်များ သတ်မှတ်ရေးကို ဆွေးနွေး ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ဒေါက်တာ တူးဂျာက ပြောသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ကချင်ပါတီများ ပေါင်းစည်းနိုင်ရေးအတွက် ကချင်လူထု အသံဖော်ဆောင်ရေး အဖွဲ့(ဖားကန့်)မှ ကြိုးပမ်းရာအောင်မြင်မှုမရခဲ့သော်လည်း ယခု သုံးပါတီ ပေါင်းစည်း၍ ပါတီတစ်ခုဖြစ်ရေး မူအားဖြင့် သဘောတူခြင်းအပေါ် ဝမ်းသာကြောင်း ကချင်လူထု အသံဖော်ဆောင်ရေး အဖွဲ့(ဖားကန့်) ဥက္က်ဌ ဦးလမောင်လတောင်က ပြောသည်။

“အခုအားလုံး သဘာတူတယ်လို့ ကြားရလို့ ကျွန်တော်တို့ကချင်ပြည်သူလူထုတွေ လိုချင်တဲ့ဆန္ဒလည်းအဲဒါဘဲ။ ပြည်သူလူထု လိုချင်တဲ့ အဖြေကလည်း အဲဒါဘဲ။ ဒါကြောင့် သိပ်ကောင်းပါတယ်။ ဒါပေမယ့် တခုစိုးရိမ်တာက သူတို့ချင်းချင်းအထဲမှာ ရခိုင်မှာ ဖြစ်တဲ့ ရခိုင်ပါတီ နှစ်ခုပေါင်းပြီးတော့ အပြစ်မြင်လာပြီး အချင်းချင်း အပြစ်ပုံချနေတာ တွေ့ရတယ်။ အဲဒီလို ဖြစ်လာမှာကိုလည်း စိုးရိမ်တယ်။ အခု သုံးပါတီ စုစည်းသွားတဲ့သတင်းကြားရလို့ သိပ်ဝမ်းသာတယ်”သူက မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ်တွင် ကချင်တိုင်းရင်းသားပါတီ ၅ ခု ရှိရာ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဒူးလေးပါတီ(LNDP)နှင့် လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(LNUDP)များကိုလည်း ပူးပေါင်းလာစေရန် ဆွေးနွေးမှုများ ရှိနေသည်ဟု စုံစမ်းသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required