ဟုမ္မလင်းမြို့နယ်ရှိ စကစတပ်နှင့် SNA ပူးပေါင်းတပ်စခန်းကို KIA သိမ်းပိုက်

By အဂမ်
18 April 2023
ဟုမ္မလင်းမြို့နယ်ရှိ စကစတပ်နှင့် SNA ပူးပေါင်းတပ်စခန်းကို KIA သိမ်းပိုက်

(မဇ္ဈိမ) ။ ။ အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းတပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်များနှင့် ဒေသခံများက မဇ္ဈိမကို အတည်ပြု ပြောသည်။

ကချင်ပြည်နယ်အစပ် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်၊ မန်စိမ်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ်စွဲထားသည့် တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ဦးဆောင်ပြီး ယမန်နေ့ ဧပြီ ၁၇ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက် လိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းကာ အင်အား ၁၀၀ ကျော် တပ်စွဲထားသည့် အဆိုပါတပ်စခန်းကို KIA တပ်မဟာ (၉) လက် အောက်ခံ တပ်ရင်းများက တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း တိုက်ပွဲဖြစ်ပွားသည့် ကျေးရွာအနီးက ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

“ဟုတ်တယ်၊ မနေ့က ငါးနာရီလောက်ကတည်းနေ ဖြစ်တာလို့ ပြောလာကြတယ်၊ မနက်ငါးနာရီလောက်ကတည်းနေဖြစ်တာ၊ ဆယ်နာရီလောက်ထိ ဖြစ်တယ်လို့ ပြောတယ်၊ နမ်ဂထါချောင်းမှာလို့ပြောတယ်၊ မန်စိမ်းချောင်းထဲကို ဝင်တဲ့ချောင်းလေ၊ အဲ့မှာ SNA တပ်စ ခန်းတော်တော်ကြီးတယ်၊ အဲ့တာအတိုက်ခံလိုက်ရတယ်၊ ဆယ်ဇင်းတိုက်ပွဲတွေစဖြစ်တုန်းကတည်းနေ အဲ့စစ်စခန်းကို KIA တွေ သိမ်းထားပြီးသား၊ အဲ့မှာ ကေအိုင်အေက ဗျုဟာအရ ခဏဆုတ်လိုက်တာပေါ့နော်၊ သူတို့ဆုတ်လိုက်တဲ့အခါ ရှမ်းနီတွေ (SNA) တွေ ပြန်လာထိုင်ထားတော့ မနေ့က ပြန်သွားတိုက်တာဖြစ်မယ်” ဟု ပြောသည်။

ငါးနာရီခန့်ကြာအောင် တိုက်ပွဲများဖြစ်ပွားပြီးနောက် KIA တပ်က အဆိုပါ SNA စခန်းကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု မြေပြင် KIA တပ်မဟာ (၉) တပ်ဖွဲ့ဝင်များထံမှ ကနဦး စုံစမ်းသိရှိရသည်။

"မထင်မှတ်ဘဲ အတိုက်ခံလိုက်ရတော့ အထိအခိုက်များသွားတယ်နဲ့တူတယ်၊ သူတို့ (SNA နဲ့ စကစတပ်) က စခန်းစွန့်ခွာ ထွက်ပြေးသွားကြတယ်" ဟု မြေပြင်ကေအိုင်အေ တပ်ဖွဲ့ဝင်က ပြောသည်။

ယခု သိမ်းပိုက်ခံရသော တပ်စခန်းသည် ကချင်ပြည်နယ်အတွင်းရှိ ဆယ်ဇင်းကျေးရွာမှ ကားဖြင့် တစ်နာရီကြာသွားရသည့် မန်စိမ်းကျေးရွာအနီးတွင်တည်ရှိပြီး ဆယ်ဇင်း- ဟုမ္မလင်းနှင့် ဗန်းမောက်မြို့နယ်ကို ချိတ်ဆက်ထားသော လမ်းပိုင်းရှိ SNA နှင့် စစ်ကောင်စီတပ်၏ ပူးပေါင်းတပ်စခန်းကြီး တစ်ခုဖြစ်သည်။

ထိုစခန်းသိမ်းတိုက်ပွဲအတွင်း KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့ ဝင်အချို့ ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းများထွက်သော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

လက်ရှိအချိန်မှာ နှစ်ဘက်လက်နက်ကိုင်တပ်ဖွဲ့များက လိုအပ်သည့် စစ်ရေးထောက်ပံ့မှုများကို ဖြည့်တင်းနေကြသည့်အတွက် အဆိုပါဒေသ တစ်လျှောက်မှာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်နေကြပြီး လက်ရှိမှာ ဒေသခံအချို့လည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly