နတ်မောက်မြို့နယ် ဒန့်သလွန်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံး

By ကိုခင်မောင် (မဇ္စျိမ)
04 August 2023
နတ်မောက်မြို့နယ် ဒန့်သလွန်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံး
ပုံစာ။     ။ ပစ်ခတ်ခံရ၍ သေဆုံးသွားသော  ဦးဒေါင်းတင်

မကွေးတိုင်း ၊ နတ်မောက်မြို့နယ်၊ ဒန့်သလွန်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဒေါင်းတင်သည် ယမန်နေ့ သြဂုတ်လ ၃ ရက် နံနက် ၉ နာရီ ၂၅မိနစ်အချိန်တွင် ပစ်ခတ်ခံရ၍သေဆုံးသွားကြောင်း နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

“သူက ဝက်သားဝယ်ရောင်းလုပ်ပါတယ်။ ဝက်သားဝယ်ပြီးပြန်လာချိန်မှာ ရွာအဝင်လမ်းမှာပဲ အဖွဲ့တွေဟာ ကျည် သုံးတောင့်နဲ့ ရှင်းလင်းခဲ့တာပါဗျ။ ဒီရွာနဲ့ခွေး(စစ်ကောင်စီတပ်ဖွဲ့) အုပ်စုဆက်သွယ်ရေးတပ်နဲ့ကနီးတဲ့အတွက် အမြန်ပြန်ထွက်ရပါတယ်” ဟု နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ  ဗိုလ်ရာကျော်က မဇ္စျိမသို့ ပြောသည်။

အဆိုပါ ပစ်ခတ်မှုအား People Defence Force - Natmauk  (902 ) တပ်ခွဲ နှင့် AH NYAR MYAY SPECIAL COMMANDO DEFENSE FORCE ( ASCDF ) မဟာမိတ်အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဒေါင်းတင်သည် ဇူလိုင်လ ၂၇ရက်တွင် ပျူစောထီးများနေထိုင်သောကျေးရွာရှိ တော်လှန်ရဲဘော်နှစ်ဦး နေထိုင်သည့်နေရာကို စစ်ကောင်စီတပ်ဖွဲ့ထံ သတင်းပေးတိုင်ကြားခဲ့ရာ ထိုရဲဘော်နှစ်ဦး ဖမ်းဆီးခံရ၍ လက်နက် တစ်လက် ဆုံးရှုံးခဲ့ရခြင်း၊  ယင်းနေ့တွင်ပင် ပြည်သူများအား သတင်းပေးတိုင်ကြား၍ ဖမ်းဆီးသောကိစ္စများတွင် ပါဝင်ပတ်သက်ခြင်း၊ CDM ဝန်ထမ်းများ၏လုံခြုံရေးနှင့် တော်လှန်ရဲဘော်များ၏ မိသားစုများအား ခြိမ်းခြောက်ခြင်း၊ ကျေးရွာနေပြည်သူအချို့အား ပျူစောထီးသင်တန်း တက်ရောက်ရန် မဲဆွယ်စည်းရုံးခြင်း စသည့် ပြစ်မှုများကို ကျုးလွန်ကြောင်း စစ်ဆေးတွေ့ရှိရသောကြောင့် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့်  ရင်ဝတွင် နှစ်ချက်နှင့် နားထင်တွင် တစ်ချက် သေနတ်ကျည်ထိမှန်၍ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဗိုလ်ရာကျော် ထံမှသိရသည်။

ယခုပစ်ခတ်ရှင်းလင်းမှုကို နတ်မောက်မြို့နယ်ပကဖနှင့် ပြည်သူများထံမှ ရရှိသော အချက်အလက် များကို သေချာစောင့်ကြည့် လေ့လာ၍ မဖြစ်မနေ ရှင်းလင်းမှ ရမည့်ကိစ္စတစ်ရပ် ဖြစ်သောကြောင့် ဆောင်ရွက်ရခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြီးခဲ့သည့်  ဇွန်လ ၅ရက်တွင်လည်း နတ်မောက်မြို့၊ မြင်းတဲကြီးကျေးရွာရှိ စစ်ကောင်စီတပ် သတင်းပေးဆိုသူ ကိုတင်မောင်ဝင်းကို ကာကွယ်ရေးတပ်ဖွဲ့ အလယ်ပိုင်းတိုင်း စစ်ဒေသကွက်ကဲရေး၊ ဂဠုန်တပ် နတ်မောက် PDF က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required