Rolling Stones အဖွဲ့ ယခုနှစ်တွင် တေးအယ်လ်ဘမ်သစ် ထွက်ရှိရန် စီစဉ်နေကြောင်း အဖွဲ့ဝင် ရွန်းနီဝုဒ် ပြောကြား

Rolling Stones အဖွဲ့ ယခုနှစ်တွင် တေးအယ်လ်ဘမ်သစ် ထွက်ရှိရန် စီစဉ်နေကြောင်း အဖွဲ့ဝင် ရွန်းနီဝုဒ် ပြောကြား

လန်ဒန်၊ ဧပြီ ၅ ။              ။ ဗြိတိန်အဆိုတော်အဖွဲ့ Rolling Stones အဖွဲ့သည် ယခုနှစ်တွင် တေးအယ်လ်ဘမ်သစ် ထွက်ရှိရန် စီစဉ်နေကြောင်း အဖွဲ့ဝင် ရွန်းနီဝုဒ်က ပြောကြားသည်။

Rolling Stones အဖွဲ့သည် ၂၀၀၅ ခုနှစ်က စတူဒီယို တေးအယ်လ်ဘမ် နောက်ဆုံးထွက်ရှိခဲ့ကြောင်း နှင့် အဖွဲ့ဝင်များသည် စတူဒီယိုတွင်  တေးသီချင်းသစ်များနှင့် ဂျတ်ဂီတ ကာဗာတေးသီချင်းများတွက် အသံသွင်းမှုများ ပြုလုပ်လျက်ရှိကြောင်း ဝုဒ်က ပြောကြားခဲ့သည်။

Rolling Stones အဖွဲ့သည် ဗြိတိန်နိုင်ငံတွင် စတူဒီယို တေးအယ်လ်ဘမ် ၂၂ ခု၊ အမေရိကန် ပြည်ထောင်စုတွင် စတူဒီယို တေးအယ်လ်ဘမ် ၂၄ ခု ထွက်ရှိခဲ့ပြီး ဖြစ်သည်။ ၂၀၀၅ ခုနှစ်က
“ A Bigger Bang” တေးအယ်လ်ဘမ် နောက်ဆုံး ထွက်ရှိခဲ့ပြီး တေးအယ်လ်ဘမ်အတွက် ကမ္ဘာလှည့် ဖျော်ဖြေပွဲများ ပြုလုပ်ခဲ့သည်။

Rolling Stones အဖွဲ့သည် ၂၀၁၂ ခုနှစ်က အဖွဲ့၏နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ်  ကမ္ဘာလှည့် ဖျော်ဖြေပွဲများကို ပြန်လည်စတင်ခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် တေးသီချင်းသစ်နှစ်ပုဒ်သာ ထွက်ရှိခဲ့သည်။

Rolling Stones အဖွဲသည် ယခုနှစ် မတ် ၂၅ ရက်က လက်တင်အမေရိက ကမ္ဘာလှည့်ဖျော်ဖြေပွဲ အစိတ်ပိုင်းတစ်ရပ်အဖြစ် ကျူးဘားနိုင်ငံတွင် အခမဲ့ဖျော်ဖြေပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

Rolling Stones အဖွဲ့သည် လန်ဒန်မြို့  Saatchi Gallery တွင်  အဖွဲ့ဝင်များဖြစ်သော  မက်ခ်ဂျာဂါ၏ တစ်ဆက်တည်းဖြစ်သော အင်္ကျီနှင့်ဘောင်းဘီ၊ ကိတ်ရစ်ချက်ဒ်၏ ဂစ်တာများနှင့် ဝါရင့်အဖွဲ့ဝင်များ၏ ပစ္စည်းအမျိုးပေါင်း ရာပေါင်းများစွာကို ပထမဆုံးအကြိမ် ပြပွဲပြုလုပ်ခဲ့သည်။

ပြပွဲတွင် ဂျက်ဂါ၏ တေးသီချင်းစားသား စာအုပ်နှင့်အတူ ရစ်ချက်ဒ်နှင့် ရွန်းနီဝုဒ်တို့ တီးခတ်ခဲ့သော ဂစ်တာများ၊ ချာလီဝပ်၏ ဒရမ်တို့ အပါအဝင်  အဖွဲ့၏ ပစ္စည်းအမျိုးအပေါင်း ၅၀၀ ကျော်ကို ပြသ ထားကြောင်းနှင့် ပြပွဲကို  ဧပြီ ၅ ရက်မှ စက်တင်ဘာ ၄ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required