အချုပ်ကျအမျိုးသမီးအား လုံခြုံရေးအဖွဲ့၀င် ၈ ဦးက အဓမ္မပြုကျင့်မှု အရေးယူထားကြောင်း ဆောပအဖထုတ်ပြန်ပြီးပြည်သူကို တောင်းပန်

By မဇ္ဈိမ 
04 August 2023
အချုပ်ကျအမျိုးသမီးအား လုံခြုံရေးအဖွဲ့၀င် ၈ ဦးက အဓမ္မပြုကျင့်မှု အရေးယူထားကြောင်း ဆောပအဖထုတ်ပြန်ပြီးပြည်သူကို တောင်းပန်
Photo - ဆောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

မကွေးတိုင်း၊ ဆောမြို့နယ်ရှိ ပြည်သူ့လုံခြုံရေးအဖွဲ့စောင့်နေသည့် အချုပ်စခန်းတခု၌ ခိုးမှုဖြင့်အချုပ်ကျခံနေရသည့်အမျိုးသမီးအား အချုပ် ခန်းစောင့် လုံခြုံရေးအဖွဲ့၀င်ရှစ်ဦးက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်သည် ဆောမြို့နယ်မှ တိုက်နယ်တခုတွင် ပြီးခဲ့သည့် ဧပြီလနောက်ဆုံးပတ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ပြစ်မှုကျူးလွန်သူများအား တိုက်နယ်အုပ်ချုပ်ရေးတာဝန်ခံက ဒဏ်ကြေးငွေဖြင့်ကျေအေးစေပြီးအရေးယူခြင်းမရှိသည်ကို ဒေသခံပြည်သူများက မြို့နယ့်အဆင့်သို့ တိုင်တန်းမှုကြောင့် ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဟုမဇ္ဈိမက စုံစမ်းသိရှိရသည်။ ထို့နောက်အဆိုပါ အမှုကို ‌ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြန်လည်စစ်ဆေးဖော်ထုတ်ရာ  ခုနစ်ဦးကို ဇွန်လ ၂၉ ရက်၌ဖမ်းမိခဲ့ပြီး ကျန်တဦးကို ဇူလိုင်လ ၃၁ရက်နေ့တွင် ဖမ်းမိခဲ့သည်ဟုသိရသည်။

ကျူးလွန်သူများ  ပြစ်ဒဏ်မှကင်းလွတ်ခွင့်မရှိစေဘဲ ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆောင်ရွက်ပြီးဖြစ်သည်ဟု ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့ ဩဂုတ်လ ၃ရက် ညတွင် ထုတ်ပြန်ထားသည်။

ယခုဖြစ်စဥ်ကို မဖြစ်ပွားအောင် မ‌ဆောင်ရွက်
နိုင်ခဲ့သော်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြောင်းနှင့် ကျူးလွန်သူများကို ဖမ်းဆီးအကျဥ်းချခြင်း၊ တရားစွဲဆိုခြင်းများပြုလုပ်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။

ထိုကဲ့သို့ ဖြစ်စဥ်မျိုး နောက်ထပ်မဖြစ်အောင် အထူးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး " ပြည်သူ့ယုံကြည်မှုကိုထိခိုက်စေခဲ့သောဖြစ်စဥ်အတွက်လည်း ပြည်သူများအားအနူးအညွှတ်တောင်းပန်အပ်ပါသည်" ဟု ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြည်သူ့လုံခြုံရေးအဖွဲ့က လုံခြုံရေးတာဝန်ယူထားသည့် နေရာ၌ အမျိုးသမီးတဦးအား ယခုကဲ့သို့ ပြစ်မှုကျူးလွန်ခြင်းသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဟုမြန်မာ့အမျိုးသမီးသမဂ္ဂ(Burmese Women's Union) နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက မှတ်ချက်ပြုသည်။ ကျူးလွန်သူကို သေချာအပြစ်ပေးအရေးယူရန် လိုအပ်ပြီး ကိုင်တွယ်ထိန်းချုပ်မှုလျော့ရဲပါက ပဋိပက္ခဒေသမှ အမျိုးသမီးများအတွက် အလွန်အန္တရာယ်ကြီးမားသည်ဟု ၎င်းက ဆိုသည်။

" ပဋိပက္ခဖြစ်နေတဲ့ နေရာဒေသမှာဆိုရင် ဒါ စစ်ရာဇဝတ်မှု ကျူးလွန်တာပဲဖြစ်တယ်။ အမျိုးသမီးတွေကို အကာအကွယ်မပြုဘဲ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ ရပ်ကို ရပ်ဖို့လိုတယ်"ဟု ဒေါ်နိုးနိုးထက်စံက ပြောသည်။

ဆောမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကလည်း၎င်းတို့ မြို့တွင် ဖြစ်ပွားခဲ့သည့် အထက်ပါ ဖြစ်ရပ်အတွက် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့အနေဖြင့် ပွင့်လင်းမြင်သာစွာဖြင့် တာဝန်ခံရန်လိုအပ်သည်ဟုဆိုသည်။

" ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ မူဝါဒတွေက ကျွန်တော်တို့ တပ်ရင်း၊တပ်ဖွဲ့တွေမှာလည်း ရှိပြီးသား။ သူတို့လုံခြုံရေးအဖွဲ့တွေမှာလည်း ရှိပြီးသားပါ။ ဒါတွေကို အလွဲသုံးနေတာမျိုးမလုပ်ဘဲ ပြတ်ပြတ်သားသားကိုင်တွယ်ဖို့လိုပါတယ်"ဟု အထက်ပါပြည်သူ့ကာကွယ်ရေးရဲဘော်က ပြောသည်။

ကျူးလွန်ခံရသူအမျိုးသမီးကို ယခုအခါ ဆောမြို့နယ်သို့ ခေါ်ဆောင်ထားပြီး လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ပေးထားသည်ဟု သိရသည်။ တိုက်နယ်တာဝန်ခံအား အရေးယူထားမှုရှိမရှိကို မေးမြန်းရန် ဆောမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့သို့ ဆက်သွယ်ရန် ကြိုးစားရာ အဆက်အသွယ်မရသေးပေ။

ဆောမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း အချုပ်ခန်းစောင့်ရဲဘော်များ၏ ကင်းပျက်ကွက်ခြင်းကြောင့် စစ်ကောင်စီတပ်၏ စီးနင်းတိုက်ခိုက်မှု ကြုံတွေ့ခဲ့ရကြောင်းသိရသည်။ ထိုဖြစ်စဉ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ မောင်းပြန် နှစ်လက်နှင့် ပြည်သူ့လုံခြုံရေး အဖွဲ့မှ လက်လုပ်သေနတ် ခြောက်လက်၊ အိုင်ကွန် သုံးလုံး၊ ဆိုင်ကယ် ငါးစီး၊ ဖုန်း ၁၄ လုံး၊ ငွေကြေးအချို့နှင့် အဝတ်အစားများဆုံးရှုံးခဲ့ရသည်။

စာတည်း - မောင်ကြီး

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required