သာယာဝတီထောင်တွင် နိုင်ကျဥ်းများ တိုက်ပိတ် ညှဥ်းပန်းနှိပ်စက်ခံနေရ၊ အမျိုးသား ၁ ဦး ဦးခေါင်းသွေးခဲ၍သတိမရ

By ရွှေနွယ်( မဇ္ဈိမ )
03 August 2023
သာယာဝတီထောင်တွင် နိုင်ကျဥ်းများ တိုက်ပိတ် ညှဥ်းပန်းနှိပ်စက်ခံနေရ၊ အမျိုးသား ၁ ဦး ဦးခေါင်းသွေးခဲ၍သတိမရ

ပဲခူးတိုင်း သာယာဝတီထောင်တွင် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဖဲကြိုးအနက်ရောင်တပ်ဆင်သော လှုပ်ရှားမှုပြုလုပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားနှင့်အကျဉ်းသူ ၃၁ ဦးအား ဇူလိုင်လ ၁၉ ရက်နေ့မှ စတင်ကာ တိုက်ပိတ်ထားသည်ဟု သာယာဝတီအကျဉ်းထောင်သတင်းရင်းမြစ်မှမဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် အာဇာနည်နေ့တွင် သာယာဝတီထောင်မှ နိုင်ငံရေးအကျဉ်းသားများသည် ရင်ဘတ်တွင် ဖဲကြိုးအနက်ရောင်တပ်ဆင်သည့်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီးနောက် အဆိုပါနေ့မှစတင်ကာ ယနေ့ ဩဂုတ်လ ၃ ရက်နေ့အထိ လှုပ်ရှားမှုတွင်ပါဝင်သူများအား တိုက်ပိတ်ကာ ရိုက်နှက်နေခြင်းဖြစ်ကြောင်း သာယာဝတီထောင်သတင်းရင်းမြစ်မှ ပြောသည်။

တိုက်ပိတ်ခံထားရသည်မှာ အကျဉ်းသား ၁၆ ဦးနှင့် အကျဉ်းသူ ၁၅ ဦး စုစုပေါင်း ၃၁ ဦးဖြစ်သည်ဟု သတင်းရရှိထားပြီး ရိုက်နှက်နှိပ်စက်ခံထားရသည့်အတွက် အကျဉ်းသား ငါးဦးမှာ သတိမေ့မျောကာ ထောင်တွင်းဆေးရုံသို့ ပို့ဆောင်ထားရကြောင်းသိရသည်။

"ထောင်တွင်းဓမ္မာရုံမှာရိုက်တယ်။ အဲ့နေ့ပဲ သန်းတိုးအောင်ကဆေးရုံတင်လိုက်ရတယ်။ သတိမရဘူး။ ပြန်လည်း သတိလည်းရလာရော ပုံစံ (၄)(၅) ထုတ်မောင်းတယ်။ ပြီးတော့ တိုက်ထဲကိုခေါ်သွင်းတယ်။ ပြီးတော့အရေးပေါ်အရေးပေါ်ဆိုပြီး ခေါ်သွားတယ်။ တိုက်ထဲကဆရာဝန်က ခေါင်းသွေးခဲ့သွားတာလို့ပြောတယ်။ ဆေးရုံမှဒီတိုင်းပစ်ထားတယ်။ ဆေးကုသခွင့်မရဘူး။ သတိရတစ်ချက်မရတစ်ချက်ပဲ။ သန်းတိုးအောင်ကတော့ နေ့တွင်းချင်းပေါ့။ နောက် လေးယောက်ကတော့ နောက်ရက်မှာ ဆေးရုံထပ်တက်ရတယ်” ဟု သာယာဝတီထောင်သတင်းရင်းမြစ်မှ ပြောသည်။

ထိုသို့ထောင်ဆေးရုံသို့ပို့ဆောင်ခံရသည့် ငါးဦးမှာလည်း နောက်တစ်ရက်တွင် သက်သာသည့်အချိန်၌ ပုံစံထပ်၍ အမောင်းခံရကြောင်း သိရသည်။
၎င်းတို့အား သစ်သားတုတ်များဖြင့် ရိုက်နှက်နေခြင်းဖြစ်ကြောင်းသိရှိရပြီး ကိုသန်းတိုးအောင်မှာ လက်ရှိအချိန်အထိ သတိကောင်းစွာပြန်မလည်လာသေးကြောင်း သိရသည်။

ကိုသန်းတိုးအောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့မှ စည်းရုံးရေးမှူးဖြစ်ကြောင်း NLD ပါတီအသိုင်းအဝိုင်းထံမှသိရသည်။

ဖဲကြိုးနက်လှုပ်ရှားမှုကြောင့် တိုက်ပိတ်ခံရသူများမှာ ကိုသန်းတိုးအောင်၊ ကိုရန်နိုင်စိုး၊ ဦးလှစိုး၊ စုတ်ဖွားကြီး(အမည်အရင်းမသိရှိရသေးပါ)၊ ကိုဇွဲ(ခေါ်) ကိုခင်မောင်ကျော်၊ CDM ဗိုလ်ကြီးတစ်ဦး၊ လက်ပံတန်းမြို့မှနိုင်ကျဉ်းအမျိုးသားတစ်ဦး၊ မနှင်းလဲ့နန္ဒာလွင်၊ မရွှန်းအိဖြူ၊ မနီလာစိမ်း၊ မဆုရည်ပိုင်၊ မဝတ်ရည်လွင်၊ မအေးသီတာကျော်၊ မရီရီဆွေ၊ မလွင်လွင်ညွန့် (ခ) အားဂျာ၊ မစန္ဒီညွန့်ဝင်း၊ မအေးသက်စံ၊ မရွှေရည်ညွန့် (ခ) သဲသဲ၊ မယမင်းထက်၊ မထူးထက်ထက်ဝေ၊ မမျိုးသန္တာထွန်း၊ မမိုးမြတ်သဇင်နှင့် ကျန်အမည်မသိရှိရသေးသူ ကိုးဦးတို့ဖြစ်ကြောင်းသိရသည်။

သာယာဝတီအကျဉ်းထောင်အတွင်းတွင် ယခုလိုညှဥ်းပန်းနှိပ်စက်မှုများသာမက အခြားသော လူအခွင့်အရေးချိုးဖောက်မှုများနှင့် ညှဥ်းပန်းနှိပ်စက်မှုများစွာကို အကျဉ်းသားများမှာ နေ့စဉ်ရင်ဆိုင်နေရကြောင်းကိုလည်း ထောင်မှ လွတ်ငြိမ်းဖြင့်လွတ်လာခဲ့သူများနှင့်အတူ အကျဉ်းထောင်သတင်းရင်းမြစ်များ၏ပြောဆိုချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required