ပဲခူးတိုင်းအတွင်းရှိ စစ်ဘေးရှောင်များအတွက်ဟုဆိုကာ အလှူငွေ လိမ်လည်ကောက်ခံနေ

By JC (မဇ္ဈိမ)
30 July 2023
ပဲခူးတိုင်းအတွင်းရှိ စစ်ဘေးရှောင်များအတွက်ဟုဆိုကာ အလှူငွေ လိမ်လည်ကောက်ခံနေ

ပဲခူးတိုင်းအတွင်းရှိ ကျောက်ကြီး၊ ရွှေကျင်၊ မုန်း စသည့် မြို့နယ်များမှ စစ်ဘေးရှောင်များအတွက်ဟုဆိုကာ အလှူငွေ လိမ်လည်ကောက်ခံနေသည့် စာမျက်နှာတစ်ခု ထွက်ပေါ်လျက်ရှိသည်။

“ကျောက်ကြီး ရွှေကျင် မုန်းဒေသ စစ်ဘေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့” အမည်ရှိ ဖေ့စ်ဘုတ်စာမျက်နှာသည် စစ်ဘေးရှောင်ပြည်သူများ၏ ဓာတ်ပုံများကို ဖော်ပြပြီး အလှုငွေကောက်ခံလျက်ရှိနေသည်။ 

၎င်းစာမျက်နှာသည် ယခုနှစ် မေလ ၂၄ ရက်နေ့တွင် “ကျောက်ကြီး ၊ မုန်းဒေသ စစ်ဘေးရှောင်ကူညီရေးအဖွဲ့” အမည်ဖြင့် စတင်ခဲ့ပြီး ဇူလိုင် ၁၇ ရက်နေ့တွင် လက်ရှိအမည်သို့ ပြောင်းလဲခဲ့သည်။

ထိုပေ့ချ်သည် လိုက်ခ်လုပ်သူ ၃၅၀ ကျော်နှင့် ဖော်လိုဝါ ၅၀၀ ကျော်သာရှိသော်လည်း အလိမ်ခံနေရသည်မှာ သိန်းပေါင်းရာနှင့်ချီ ရှိနေပြီ ဖြစ်သည်။ 

နွေဦးတော်လှန်ရေးဆရာတော် (ခ) ဦးကေသရ မှ ဇူလိုင်လ ၉ ရက်နေ့တွင် ထိုပေ့ချ်မှတစ်ဆင့် အလှူငွေထည့်သွင်းရန် U Bo To အမည်ရှိ Kpay နံပါတ် 09756788690 သို့ ငွေကျပ် သိန်း ၂၀ အား လှူဒါန်းခဲ့သည်။

 ထို့နောက် မသင်္ကာသဖြင့် ထိုပေ့ချ်အကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား မေးမြန်းရာ ထိုပေ့ချ်သည် အတုဖြစ်ကြောင်းနှင့် စစ်ရှောင်များမှ အကူအညီတောင်းသည့်အခါတွင်လည်း အကူအညီမပေးကြောင်း ပြောသည်။

“သူက ပိုက်ဆံသိန်းရာချီရနေတယ်၊ အဲ့ဒီတော့  ဒုက္ခရောက်တဲ့ပြည်သူတွေက ကျောက်ကြီး မုန်းဒေသ(ပေ့ချ်) ကို သွားဆက်သွယ်တဲ့အခါမှာ ဘာမှပြန်လှူဒါန်းတာ၊ တကယ်ဒုက္ခရောက်တဲ့သူတွေကို ပေးတာကျွေးတာ မရှိဘူး။ မရှိတဲ့အတွက်ကြောင့် ပေ့ချ်အတုဖြစ်ကြောင်းကို အတည်ပြုပေးတာက ကျောက်ကြီး ပကဖ က အတည်ပြုပေးတယ်” ဟု နွေဦးတော်လှန်ရေးဆရာတော်က မဇ္ဈိမ ကို မိန့်သည်။

အလှူငွေထည့်ရန် ဖုန်းနံပါတ်  09756788690 ဖြင့် K pay အကောင့်အပြင် wave money အကောင့်ဖြင့်လည်း လိမ်လည်နေပြီး ထိုင်းဘဏ်အကောင့် Mrs. Khin Myo Nwe အမည်ဖြင့် အကောင့်နံပါတ် 1483379222 ဖြင့်လည်း ထိုင်းရောက်မြန်မာများမှ အလှူငွေလိမ်လည်နေကြောင်း သိရသည်။

နွေဦးတော်လှန်ရေးဆရာတော်မှ အလှူငွေကိစ္စနှင့်ဆက်စပ်၍ ထိုပေ့ချ်အား ထပ်မံဆက်သွယ်မေးမြန်းရာ “KNU Brigade 3- Army 9 - 1035” ကို ညွှန်ပြပြီး KNLA တပ်မဟာ(၃) တပ်ရင်း(၉) မှ တပ်ခွဲမှူး ပဒိုစောကျော် ၏ ခွင့်ပြုချက်ဖြင့် ဖွင့်ထားသည်ဟု ပြောသည်။  

KNLA တပ်မဟာ(၃) တပ်ရင်း(၉)တွင် “ပဒိုစောကျော်” ဟူသောအမည်ဖြင့် တပ်ခွဲမှူးမရှိကြောင်းနှင့် “ပဒို” ဟူသောအသုံးအနှုန်းသည် KNU အုပ်ချုပ်ရေးပိုင်းတွင်သာ သုံးလေ့ရှိပြီး KNLA တွင် အမည်အရှေ့၌ “စော” ဟုသာ သုံးလေ့ရှိကြောင်း ကျောက်တံခါးမြို့နယ် ပကဖ မှ ရှင်းပြသည်။

“ကျောက်ကြီး ရွှေကျင် မုန်းဒေသ စစ်ဘေးဒုက္ခသည်များကူညီစောင့်ရှောက်ရေးအဖွဲ့” မှညွှန်ပြသည့် “KNU Brigade 3- Army 9 - 1035” ပေ့ချ်သည်လည်း ပေ့ချ်အတုဖြစ်ကြောင်း မဇ္ဈိမ မှ ဖော်ထုတ်ခဲ့ပြီး ဖြစ်သည်။ 
လင့်- https://www.mizzimaburmese.com/article/131320

ထို့အပြင် “ကျောက်ကြီး ရွှေကျင် မုန်းဒေသ စစ်ဘေးဒုက္ခသည်များကူညီစောင့်ရှောက်ရေးအဖွဲ့” ပေ့ချ်တွင် အခြားပြည်နယ်နှင့်တိုင်းမှ ဓာတ်ပုံများဖြင့် ကျောက်ကြီး၊ ရွှေကျင်၊ မုန်း စသည့် ဒေသမှ စစ်ဘေးရှောင်ပုံများသကဲ့သို့ ဖြန့်ဝေလေ့ရှိကြောင်း တွေ့ရသည်။

ဇူလိုင်လ ၂၆ ရက်နေ့တွင် ဖော်ပြထားသည့် “ကျောက်တံခါးမြို့နယ်အတွင်း စစ်တပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်တို့ နေ့စဥ် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ဒုက္ခသည် ၄,၅၀၀ ကျော် ရှိလာ” ဟူသည့် ပို့စ်မှ ဓာတ်ပုံများသည် ကရင်နီပြည်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှ စစ်ဘေးရှောင် ပုံများအား အသုံးပြုထားခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် ဇွန်လတွင် တနင်္သာရီတိုင်း ပုလောမြို့နယ်မှ စစ်ဘေးရှောင်များ၏ ဓါတ်ပုံများ။ လင့်- https://www.bnionline.net/mm/news-92037

ကရင်နီပြည်​ မယ်စဲ့မှ စစ်ဘေးရှောင်ပုံများ။ လင့် - t.ly/MJ-7t

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်မှ ၂၀၂၁ ခုနှစ်တုန်းမှ စစ်ဘေးရှောင်အဘွားအိုတစ်ဦးပုံ။ လင့် - https://shorturl.at/qsvEK

အလားတူအခြားကျန်ရှိနေသည့် ဓာတ်ပုံများသည်လည်း ပုံဟောင်းများနှင့် ကျောက်ကြီး၊ ရွှေကျင်၊ မုန်းဒေသမှ စစ်ရှောင်များမဟုတ်ဘဲ အခြားဒေသမှ စစ်ဘေးရှောင်၏ ဓါတ်ပုံများဖြစ်သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် RFA မှဖော်ပြထားသည့်ပုံ။ လင့် - t.ly/VXJ9t
ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းမှ ၂၀၁၇ ခုနှစ်တွင်ဖော်ပြခဲ့သည့်ပုံ ။ လင့် - t.ly/zLjmj

ဇူလိုင်လ ၁၈ ရက်နေ့တွင်လည်း စစ်ရှောင်များအတွက် အလှုငွေလိုအပ်နေကြောင်း အလှူခံပို့စ်တင်ကာ ကလေးငယ်များ၏ ဓာတ်ပုံဖြင့် ဖော်ပြထားသည်။ ၎င်းပုံများသည်လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မှ ဓာတ်ပုံများဖြစ်ကြောင်း တွေ့ရသည်။
ဧရာဝတီသတင်းဌာန မြန်မာပိုင်းမှ ၂၀၂၁ ခုနှစ်တွင်ဖော်ပြခဲ့သည့်ပုံ။ လင့် - t.ly/TZnvW

“ပဲခူးတိုင်း ရွှေကျင် စစ်ဘေးရှောင်များ အခြေအနေ” ဟုဆိုကာ ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖော်ပြထားသည့် ပို့စ်မှ ဓာတ်ပုံများသည်လည်း ပဲခူးတိုင်း၊ ရွှေကျင်မြို့မှ ဓါတ်ပုံများမဟုတ်ပေ။ 

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ဘေးရှိ မော်လိုက်မြို့မှ စစ်ဘေးရှောင်များ တောတောင်ထဲတွင် ဖြစ်သလိုပုန်းရှောင်နေကြရကြောင်း BBC Burmese မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် သတင်းဖော်ပြထာသည်။
BBC မှလင့် - t.ly/Db_ou

ထို့ကြောင့် ပဲခူးတိုင်းအတွင်းရှိ ကျောက်ကြီး၊ ရွှေကျင်၊ မုန်း စသည့် မြို့နယ်များမှ စစ်ဘေးရှောင်များအတွက်ဟုဆိုကာ အလှူငွေကောက်ခံနေသည့် “ကျောက်ကြီး ရွှေကျင် မုန်းဒေသ စစ်ဘေးဒုက္ခသည်များကူညီစောင့်ရှောက်ရေးအဖွဲ့”  စာမျက်နှာသည် အလှူငွေများအား မြေပြင်သို့ ပြန်လည်လှူဒါန်းခြင်းမရှိဘဲ လိမ်လည်နေသည့် ပေ့ချ်တစ်ခုသာဖြစ်သည်။ 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required